၁။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းက ကြီးမှူး၍ “Seminar on Going Public and Launching Initial Public Offering” ဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် မြန်မာငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ (Myanmar Securities Exchange Centre) မှ အရာထမ်းတစ်ဦးသည် ငွေရေးကြေးရေးဈေးကွက်များနှင့် မြန်မာနိုင်ငံအခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအလားအလာတို့ကို Power Point Slides များဖြင့် ဆွေးနွေး တင်ပြခဲ့ပါသည်။ ဤစာတမ်းငယ်သည် ယင်းဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြခဲ့သည့် အချက်များအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါသည်။ ပထမပိုင်းတွင် အရင်းအနှီးဈေးကွက်နှင့် မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးတင်ပြထားပြီး ဒုတိယပိုင်းတွင် အာဆီယံအရင်းအနှီးဈေးကွက်များ ပေါင်းစည်းရေးအစီအစဉ်များကို ရှင်းလင်းတင်ပြထားပါသည်။
အပိုင်း(၁)။ အရင်းအနှီးဈေးကွက်နှင့် မြန်မာနိုင်ငံအခြေအနေ
ငွေရေးကြေးရေးဈေးကွက်များ (Financial Markets)
၂။ ငွေရေးကြေးရေးဈေးကွက်များ (Financial Markets) ကို ယေဘုယျအားဖြင့် (၄) မျိုးခွဲခြား ကြည့်နိုင်ပါသည်။ ယင်းတို့မှာ-
(က) ကာလတိုငွေရေးကြေးရေးဈေးကွက် သို့မဟုတ် ငွေကြေးဈေးကွက်
(Short-term Financial Market og Money Market)
(ခ) ကာလရှည်ငွေရေးကြေးရေးဈေးကွက် သို့မဟုတ် အရင်းအနှီးဈေးကွက်
(Long-term Financial Market or Capital Market)
(ဂ) နိုင်ငံခြားငွေဈေးကွက် (Foreign Exchange Market)
(ဃ) ဘဏ္ဍာရေးရပိုင်ခွင့်များ (Financial Assets) အပေါ်အခြေပြု၍ အနာဂါတ်ကာလအတွက် သဘောတူစာချုပ်များ ချုပ်ဆိုရောင်းဝယ်သည့်ဈေးကွက် (Derivatives Market) တို့ဖြစ်ပါသည်။
၃။ ကာလတိုငွေရေးကြေးရေးဈေးကွက် (Short-term Financial Market) ကို ငွေကြေးဈေးကွက် (Money Market) ဟုလည်းခေါ်ပါသည်။ ယင်းဈေးကွက်များတွင် သက်တမ်းတစ်နှစ်အောက်ရှိသော ငွေချေးသက်သေခံလက်မှတ်များ (Short-term Securities) ကို ရောင်းဝယ်ကြပါသည်။ ငွေချေးသက်သေခံ လက်မှတ်ဆိုသည်မှာ ငွေသားအဖြစ် ပြောင်းလဲနိုင်သော ငွေရေးကြေးရေး စာချုပ်စာတမ်းများကိုခေါ်ဆိုပါသည်။ ငွေကြေးဈေးကွက်တွင် အစိုးရမှထုတ်ဝေရောင်းချသည့် ငွေတိုက်လက်မှတ်များ (Treasure Bills)၊ ဘဏ်များမှ
ထုတ်ဝေသည့်ဘီလ်များ (Bank Bills)၊ ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုဘီလ်များ (Trade Bills)၊ ကုမ္ပဏီများမှ ထုတ်ဝေရောင်းချသည့် ကာလတိုကြွေးမြီစာချုပ်စာတမ်းများ (Commercial Papers)၊ ဘဏ်များမှ ထုတ်ဝေရောင်းချသော အပ်ငွေလက်မှတ်များ (Certificates of Deposit) ကို ရောင်းဝယ်ကြပါ သည်။
၎။ ကာလရှည်ငွေရေးကြေးရေးဈေးကွက် (Long-term Financial Market) ကို အရင်းအနှီးဈေးကွက် (Capital Market) ဟုလည်းကောင်း၊ ငွေချေးသက်သေခံလက်မှတ်ဈေးကွက် (Securities Market) ဟုလည်းကောင်း ခေါ်ဆိုနိုင်ပါသည်။ ယင်းဈေးကွက်များတွင် ကာလရှည်ငွေချေး သက်သေခံလက်မှတ်များ ဖြစ်သည့် သာမန်ရှယ်ယာများ (Common Shares)၊ ဦးစားပေးရှယ်ယာများ (Preference Shares)၊ ငွေတိုက်စာချုပ်များ (Treasury Bonds)၊ ငွေချေးစာချုပ်များ (Bonds)၊ ဒီဘင်ချာများ (Debentures) စသည်တို့ကို ရောင်းဝယ်ကြပါသည်။
၅။ နိုင်ငံခြားငွေဈေးကွက် (Foreign Exchange Market) တွင် ခိုင်မာသော ငွေကြေးများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ စတာလင်ပေါင်စသည်တို့ အပါအ၀င် မိမိနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများ ၏ ငွေကြေးတို့ကို အရောင်းအ၀ယ်ပြုလုပ်ကြပါသည်။
၆။ Derivatives Market တွင် အဓိကအားဖြင့် Futures Market နှင့် Options Market တို့ ပါဝင်ကြပါသည်။ Futures Market ဆိုသည်မှာ ဘဏ္ဍာရေးရပိုင်ခွင့်များဖြစ်သည့် စတော့ရှယ်ယာများ၊ ငွေတိုက်စာချုပ်များ၊ ငွေချေးစာချုပ်များ၊ စတော့အညွှန်းကိန်းများအပေါ် အခြေပြု၍ အနာဂါတ်အတွက် ချုပ်ဆို ထားသော ကြိုရောင်းကြိုဝယ်စာချုပ်များ (Future Contracts) ကို ရောင်းဝယ်သည့် ဈေးကွက်ဖြစ်ပါသည်။ Options Market ဆိုသည်မှာ ကြိုရောင်းကြိုဝယ်မှုများ ပြုလုပ်ရာတွင် စာချုပ်ချုပ်ဆို ကိုင်ဆောင်ထားသူ၏ စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့်စာချုပ်များ (Option Contracts) ကို ရောင်းဝယ်သည့် ဈေးကွက်ဖြစ်ပါသည်။ အလားတူပင် Forward Contract နှင့် Swap Contract တို့ကိုလည်း Derivatives Markets တွင် ချုပ်ဆိုရောင်းဝယ်နိုင်ပါဝင်ပါသည်။
အရင်းအနှီးဈေးကွက် (Capital Market)
၇။ အရင်းအနှီးဈေးကွက်ကို ငွေချေးသက်သေခံလက်မှတ် အမျိုးအစားအလိုက် ခွဲခြားကြည့်မည်ဆိုပါက စတော့ရှယ်ယာဈေးကွက် (Stock & Share Market)၊ ငွေချေးစာချုပ်နှင့် ဒီဘင်ချာဈေးကွက် (Bond and Debenture Market) ဟူ၍ (၂) မျိုးခွဲခြားနိုင်ပါသည်။ စတော့ရှယ်ယာဈေးကွက်ကို အီကွတ်တီဈေးကွက် (Equity Market) ဟုလည်းကောင်း၊ ငွေချေးစာချုပ်ဈေးကွက်ကို ကြွေးမြီစာချုပ်စာတမ်းများဈေးကွက် (Debt Market) ဟုလည်းကောင်း ခေါ်ဆိုနိုင်ပါသည်။
၈။ အရင်းအနှီးဈေးကွက်တွင် ရှယ်ယာအသစ်များနှင့် ငွေချေးစာချုပ်အသစ်များ ထုတ်ဝေရောင်းချသော ဈေးကွက်ကို မူလဈေးကွက် (Primary Market)၊ ထုတ်ဝေပြီး စတော့ရှယ်ယာများနှင့် ငွေချေးစာချုပ်များကို ပြန်လည်ရာင်းဝယ်ကြသည့်ဈေးကွက်ကို ဆင့်ပွားဈေးကွက် (Secondary Market) ဟုခေါ်ပါသည်။ Primary Market ကို Issuing Market ဟုလည်းကောင်း၊ Secondary Market ကို Trading Market ဟုလည်းကောင်း ခေါ်ဆိုနိုင်ပါသည်။
၉။ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်များကို စတော့အိတ်ချိန်းဈေးကွက်တွင် (Stock Exchange Market) နှင့် အိုတီစီဈေးကွက်များ (Over-the-Counter Markets) အဖြစ်တွေ့မြင်နိုင်ပါသည်။ စတော့အိတ်ချိန်းများတွင် အများပိုင်ကုမ္ပဏီကြီးများ၏ ရှယ်ယာနှင့် ငွေချေးစာချုပ်များကို စာရင်းဝင် ရောင်းဝယ် ကြပြီး၊ အိုတီစီဈေးကွက်တွင် အလတ်စားနှင့် အငယ်စားကုမ္ပဏီများ၏ ရှယ်ယာနှင့် ငွေချေးစာချုပ်များကို ရောင်းဝယ်လေ့ရှိကြပါသည်။
ကာလရှည်အရင်းအနှီးများရှာဖွေခြင်း
၁၀။ စီးပွားရေးလုပ်ငန်းများသည် လိုအပ်သော နှစ်ရှည်အရင်းအနှီးများကို ဘဏ်များမှလည်း ချေးယူနိုင်ပါ သည်။ ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေရောင်းချခြင်းဖြင့်လည်း ရှာဖွေနိုင်ပါသည်။ ကုမ္ပဏီများအနေ ဖြင့် ဘဏ်များမှငွေချေးယူ၍ အရင်းအနှီးများရယူခြင်းကို သွယ်ဝိုက်ဘဏ္ဍာငွေရှာဖွေခြင်း (Indirect Financing) ဟုရှုမြင်နိုင်ပြီး၊ ရှယ်ယာများ၊ ငွေချေးစာချုပ်များနှင့် ဒီဘင်ချာများထုတ်ဝေရောင်းချ၍ အရင်းအနှီးရှာဖွေခြင်းကို တိုက်ရိုက်ဘဏ္ဍာငွေရှာခြင်း (Direct Financing) ဟုရှုမြင်နိုင်ပါသည်။
အရင်းအနှီးဈေးကွက်များ တည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ
၁၁။ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်များ တည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ မှာ-
(က) ငွေချေးသက်သေခံလက်မှတ်များနှင့် ရောင်းဝယ်ရေးဥပဒေ (Securities and Exchange Law)
(ခ) ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲထိန်းကျောင်းသည့် အဖွဲ့အစည်း (Regulatory Organization)
(ဂ) ငွေချေးသက်သေခံလက်မှတ် ထုတ်ဝေရောင်းချသူများ (Issuers of Securities)
(ဃ) ငွေချေးသက်သေခံလက်မှတ် ရင်းနှီးမြှုပ်နှံသူများ (Investors of Securities)
(င) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ (Securities Companies)
(စ) ငွေချေးသက်သေခံလက်မှတ်ဈေးကွက်များ (Securities Markets)
(ဆ) ငွေချေးသက်သေခံလက်မှတ်ဈေးကွက်များကို ပီပြင်စွာလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခြားလိုအပ်သော
အထောက်အကူပြုအဖွဲ့အစည်းများ.. စသည်တို့ဖြစ်ပါသည်။