စတော့ဈေးကွက် Stock Market အတွက် အခြေခံစီစစ်ချက် (Fundamental Analysis) ကိုတော့ ကုမ္ပဏီက စိုက်ထုတ်မှု (Inputs) ဘယ်လောက်ရှိ နိုင်တယ်ဆိုတာကို ကြည့်ပြီး အနာဂါတ်မှာ တိုးတက်မှု ဘယ်လောက် ရှိမယ်ဆိုတာနဲ့ တိုင်းတာကြပါတယ်။ ဒါ့အပြင် စတော့ဈေးကွက်ဝင် ကုမ္ပဏီရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို လေ့လာ သုံးသပ်ခြင်း အုပ်ချုပ်မှုပိုင်းကို အကဲဖြတ်ခြင်း စွမ်းဆောင်ရည်တွေကို တိုင်းတာခြင်း၊ မှတ်တမ်း မှတ်ရာတွေကို စီစစ်ခြင်းတွေလည်း ပါဝင်ကြတာပေါ့။ Forex Market လို့ခေါ်တဲ့ နိုင်ငံခြား ငွေကြေးရောင်းဝယ်ရေး ဈေးကွက်မှာကျတော့ စတော့ဈေးကွက်လို တိုင်းတာလို့ရတဲ့ စံတွေအများအပြားမရှိပါဘူး။ ကိုယ့်နိုင်ငံရော တခြားတိုင်းပြည်တွေရဲ့ စီးပွားရေး ကဏ္ဍ တစ်ရပ် လုံးကိုပါ ခြုံငုံသုံးသပ်ပြီး ရောင်းဝယ် မှုပြုလုပ်ရခြင်းပဲ ဖြစ်ပါတယ်။ ဒီတစ်လမှာမြန်မာနိုင်ငံမှာရှိတဲ့ Forex Market သုံးသပ် ချက်ကို ရေးပေးဖို့ ဈေးကွက်ထဲမှာ လက်ရှိလှုပ်ရှားနေတဲ့ အစ်ကိုတစ်ယောက်ကို အကူ အညီ တောင်း ထားပေးမည့် မအားလပ်သဖြင့် ကျွန်တော်ကိုယ်တိုင်ပဲ ဖြည့်စွက်တင်ပြ လိုက်ရပါသည်။ ကျွန်တော်ရေးမည့် အကြောင်းတွေကတော့ ဈေးကွက်သုံးသပ်ချက် မဟုတ်ပဲ Forex ဈေးကွက်ရဲ့ အခြေခံကျတဲ့ အကြောင်းအရာ လေးတွေကိုပဲ အကျဉ်းချုံးပြောပြပေးသွားမှာပါ။
– ငွေကြေးတန်ဖိုး ဘာကြောင့် အရေးပါလဲ-
ငွေကြေးတန်ဖိုးရဲ့ အခြေခံကျတဲ့ အချက်ကိုပြောပါဆိုရင် ကုန်သွယ်မှု (Trade) ပဲဖြစ်ပါတယ်။ Forex ဈေးကွက်ရဲ့ အခြေခံအကျဆုံး စီစစ်စောင့်ကြည့်ရမည့်အချက်/ အညွှန်းကိန်းကတော့ (Inflation Rates) ငွေကြေး ဖောင်းပွမှုနှုန်းပဲဖြစ်ပါတယ်။ ဒါကြောင့်ငွေကြေးဖောင်းပွမှုနှုန်း၊ ငွေကြေးတန်ဖိုးနဲ့ ကုန်သွယ်မှုတို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ Globalization ဖြစ်လာတာနဲ့အမျှ အင်အားကြီးနိုင်ငံတွေဟာ မိမိတို့နိုင်ငံမှာ တိုးတက်မှုရရှိဖို့ဆိုရင် မိမိတိုင်းပြည်ရဲ့ ထွက်ကုန်တွေကို တိုင်းပြည် ပြည် ပမှာရှိတဲ့ လူတွေဆီ ရောင်းချမယ်ဆိုတာ သဘောပေါက်လာကြပါတယ် (Export)။ နိုင် ငံခြားက ပိုက်ဆံတွေ၊ အရင်းအနှီးတွေကို မိမိတိုင်းပြည်ဆီ ယူလာနိုင်မှသာ ပြည်တွင်း မှာရှိတဲ့ လူအများအပြားကို အလုပ်တွေခန့်လာနိုင်မယ်။ ဘဏ်တွေကလည်း အပ်ငွေ တွေပေါ်မှာ အတိုးတွေ ပိုပေးလာနိုင်မယ်၊ နောက်ဆုံးပြောရရင် Inflation ဖြစ်လာမယ် ပေါ့။ တစ်နည်းအားဖြင့် ငွေကြေးတန်ဖိုးလည်းအပြောင်းအလဲ ဖြစ်ပါတယ်။ ပို့ကုန်ကိုအဓိကအားထားတဲ့ နိုင်ငံအတွက်ဆိုရင်တော့ ထိုငွေကြေးတန်ဖိုး အပြောင်းအလဲဟာ အင်မတန်မှ အရေးပါပါတယ်။ ဒါကိုအောက်မှာ ဥပမာနဲ့တကွ ဖော်ပြထားပါတယ်။ ဂျပန်ကားထုတ်လုပ်သူ တစ်ယောက်ဟာ ၁၉၉၅ ခုနှစ်မှာ ကား တစ်စီးကို ¥ ၂,၈၀၀,၀၀၀ ($ ၂၀,၀၀၀) အရင်းနဲ့ ထုတ်လုပ်သည်ဆိုပါစို့။ ၎င်းကားကို ($ ၃၀,၀၀၀) နဲ့ရောင်းချပြီး ($ ၁၀,၀၀၀) ကို အမြတ်အဖြစ်ရယူပါတယ်။ ၁၉၉၅ ခုနှစ်မှာ USDJPY လဲလှယ်နှုန်းက ၁ ဒေါ်လာကို (၁၄၀)ပါ။ ကုန်ကျစရိတ်နဲ့ အရောင်းကို ကြည့်ကြည့်ပါ။
¥ ၁၄၀ V/S USD
ရောင်းဈေး ¥၄.၂၀၀,၀၀၀
($ ၃၀,၀၀၀)
ထုတ်လုပ်ခ ¥၂,၈၀၀,၀၀၀
($ ၂၀,၀၀၀)
အမြတ် ¥၁,၄၀၀,၀၀၀
ဒါက ၁၉၉၈ ခုနှစ်က ငွေကြေးတန်ဖိုးပေါ်မူတည်ပြီး တွက်ချက်ထားတာပါ။ ၁၉၉၈ နောက်ပိုင်း ဂျပန်ငွေကြေးတန်ဖိုး တက်လာသည်ဆိုပါစို့။ ထုတ်လုပ်မှုတန်ဖိုးကတော့ ဂျပန်မှာပဲထုတ်ပြီး ဂျပန်မှာပဲထုတ်ပြီး ဂျပန်အလုပ်သမား များကိုပဲ လခပေးရတဲ့အတွက် ¥ ၂,၈၀၀,၀၀၀ က မပြောင်းလဲပါဘူး။ အဓိက ရောင်း ဈေးမှာ ပြဿနာရှိပါတယ်၊ ငွေလဲလှယ်နှုန်းက ¥၈၀ ဖြစ်သွားတဲ့အတွက် $၃၀,၀၀၀ နဲ့ရောင်းရင် အရင်က ¥၄,၂၀၀,၀၀၀ ရမည့်အစား အခု ¥၂,၄၀၀,၀၀၀ ပဲရပါတော့တယ်။ ဒီတော့ ¥($၅,၀၀၀) မူလဈေးအတိုင်း ရချင်၍ ကားကို $ ၃၀,၀၀၀ ထက် တန်ဖိုးမြှင့် ရောင်းမည်ဆိုရင်လည်း မဖြစ်နိုင်ပါ။
-တုန့်ပြန်ချက်-
ထိုကဲ့သို့သော အခြေအနေကို ဂျပန်တွေဘယ်လိုတုန့်ပြန်မလဲ? ကားထုတ်လုပ် သူတွေ အနေနဲ့ကတော့ ကားကိုဈေးတင်ပြီး မရောင်းနိုင်သလို ကုန်ကျစရိတ်တွေ လျှော့ချမယ် ဆိုရင်လည်း အရည်အသွေးမမှီမှုတွေ ဖြစ်လာနိုင်ပါတယ်။ အရိုးရှင်းဆုံးဖြေ ရှင်းနိုင်မည့် နည်းကို ပြောပါဆိုရင် ယန်းငွေကြေးကို တန်ဖိုးကျအောင် ပြုလုပ်ရပါမယ်။ USD JPY လဲလှယ်နှုန်းကို $ ၁ = ¥ ၁၀၀ ထိ ဆွဲတင်နိုင်မယ်၊ ကားထုတ်လုပ်သူတွေက လည်း ကုန်ကျစရိတ်ကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်မယ်ဆိုရင်တော့ အမြတ် အစွန်း ရရှိနိုင်တဲ့ အခြေအနေကို ပြန်လည် ရောက်ရှိလာမှာပါ။
-ယနေ့ခေတ်မှာ ဘယ်လိုအခြေအနေတွေရှိလဲ-
ယခုဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံများကတောင် သူတို့ရဲ့ ငွေကြေးတန်ဖိုး ကျဆင်းအောင် ပြုလုပ်နေကြပါပြီ။ အမေရိကန်ကဆိုရင် လစဉ် $ ၈၅ ဘီလီယံလောက် သူတို့ရဲ့ Economy ထဲကို ထည့်သွင်းပေးနေပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ငွေကြေး ဖောင်းပွမှုဖြစ်လာပြီး ငွေကြေးတန်ဖိုး ကျဆင်းသွားအောင်လို့ပါ။ တရုတ်နိုင်ငံ ဟာဆိုလျှင်လည်း ပို့ကုန်အသာပေး နိုင်ငံဖြစ်တာကြောင့် သူတို့ငွေကြေး တန်ဖိုးကျ ဆင်းဖို့ ပြုလုပ်နေရပါတယ်။ ဒါတွေကိုတော့ စာဖတ်သူများ ငွေကြေးဖောင်းပွမှုအကြောင်း နားလည်စေဖို့ ကုန်သွယ်မှုနဲ့ ငွေကြေးတန်ဖိုးကိုနှိုင်းယှဉ်ပြီး ပြောသွားတာပါ။ နောက်ဆုံးအနေနဲ့ ငွေကြေး ဖောင်းပွမှု (Inflation) ဆိုတာ Forex ဈေးကွက်အတွက် ဗဟိုချက်မဖြစ်တယ် ဆိုတာ ထပ်မံပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။
– ဇင်ထွန်းဝင်း (ZTK)