စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ကြရာမှာ “M” (၃) လုံးလို့ခေါ်တဲ့ (Man, Money, Material) လူ၊ ငွေကြေးနဲ့ပစ္စည်းတွေ အစပြုဆောင်ရွက်ကြရတာဖြစ်တယ်။

လုပ်ငန်းကဏ္ဍအလိုက် အရည်အချင်းရှိတဲ့ လူစွမ်းအား ရင်းမြစ်တွေ အသုံးချနိုင်စေဖို့၊ ငွေကြေးအရင်းအနှီးတွေ ပြည့်စုံနိုင်စေဖို့နဲ့ ကုန်ချောပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အရည်အသွေးကောင်း ကုန်ကြမ်းပစ္စည်းတွေ ရရှိစေဖို့ အစကနဦးကတည်းက ပုံဖော်လုပ်ဆောင်ကြရတာဖြစ်တယ်။ ငွေကြေးကဏ္ဍပြည့်စုံမှုမှာ မိမိတစ်ဦးတည်းရဲ့ ကိုယ်ပိုင်ငွေနဲ့ အစမပြုနိုင်ရင် ချေးငွေ (loan)နဲ့ဖြစ်စေ၊ အစုရှယ်ယာတွေ ထည့်ဝင်စေမှုနဲ့ဖြစ်စေ၊ စတော့အိတ်ချိန်းဈေးကွက်မှာ စာရင်းဝင် အများပိုင် ကုမ္ပဏီ Listed Public Compaines တွေကနေ စတော့တွေထုတ်ရောင်းပြီး မတည်ရင်းနှီးငွေရရှိအောင် လုပ်ဆောင်ကြရတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အရေးကြီးတာက ၂၀ ရာစုအကုန်နဲ့ ၂၁ရာစု အစပိုင်းမှာ Abrupt Change လို့ခေါ်တဲ့ အချိုးအကွေ့တစ်ခုအဖြစ် ရုတ်ခြင်းလျင်မြန်စွာ တိုးတက်ပြောင်းလဲလာမှုက

– လူဦးရေပေါက်ကွဲထွက်လာမှု
(Population Explosion)

– နည်းပညာတိုးတက်လာမှု
(Technological Advances) နဲ့

– တစ်နေရာကနေ အခြားနေရာတွေကို လျင်မြန်လွယ်ကူစွာ ဆက်သွယ်လာနိုင်စေမှု (Easy Acces) တွေဖြစ်တယ်။

အဲဒီပြောင်းလဲမှုတွေနဲ့အတူ မဖြစ်မနေတိုးတက်ပြောင်းလဲလာမှုက လူ့စွမ်းအားအရင်းအမြစ်တွေမှာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေ တိုးတက်ကောင်းမွန်လာစေဖို့ လူသားအရင်းအမြစ်နဲ့အတူ Social Capital လို့ခေါ်တဲ့ လူမှုရေးမတည် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အရေးပါမှုကိုလည်း လက်ခံယုံကြည်မှု ကျယ်ပြန့်လာခဲ့တယ်။ Entrepreneur လို့ခေါ်တဲ့ စွန့်ဦးလုပ်ငန်းရှင်တွေက အလုပ်တစ်ခုမလုပ်မီ လုပ်ဆောင်နေစဉ်ပေါ်ပေါက်လာမဲ့ Risks လို့ခေါ်တဲ့ စွန့်စားရမှုတွေကို ကြိုတင်တွက်ချက်ရာကနေ ပေါ်ပေါက်လာတဲ့ Entrepreneurship က ဒီကနေ့ရဲ့ Knowledge-Based Economy လို့ခေါ်တဲ့ အသိပညာ အခြေပြုစီးပွားရေးတွေမှာ အခြေခံကျတဲ့ လုပ်ဆောင်မှုအဖြစ် နားလည်သဘောပေါက်လာကြတယ်၊ အသိပညာရဲ့ တန်ဖိုးတွေကို အခြေမခံတဲ့အတွက် လူများများနဲ့အလုပ်လုပ်ပါမှ အလုပ်ကနည်းနည်းသာ ပြီးမြောက်စေနိုင်တယ်။ အကယ်​၍သာ အသိပညာနဲ့ တည်ဆောက်ထားတဲ့နိုင်ငံဆိုရင် လူနည်းနည်း အလုပ်လုပ်တာနဲ့ အလုပ်များများပြီးမြောက်စေမှာဖြစ်တယ်။ ဒါကို Vital Few, Trivial Many နည်းလို့ခေါ်တယ်။ အချိန်တိုအတွင်း အလုပ်များများ ပြီးနိုင်စေမှုကလည်း ဒီသဘောတရားဖြစ်တယ်၊ Doing more with less လို့လည်းခေါ်ကြတယ်။ အသိပညာနဲ့ အခြေမခံရင် လူများပြီး ပွဲမစည်တာမျိုး ဖြစ်သွားစေတာဖြစ်ပါတယ်။

လူ့စွမ်းအားနဲ့လူမှုရေး မတည်ရင်းနှီးမြှုပ်နှံမှုတွေမှာ Talent လို့ခေါ်တဲ့ ပင်ကိုယ်စွမ်းရည် ကျွမ်းကျင်မှုကအရေးပါတယ်၊ လူတစ်ဦးခြင်းရဲ့ ပင်ကိုယ်စွမ်းရည် ကျွမ်းကျင်မှုတွေကို ပေါင်းစည်းလုပ်ဆောင်ကြတာဖြစ်တယ်။ပေါင်းစည်းအားဆိုရာမှာ ပင်ကိုယ်စွမ်းရည်၊ အခြေအနေအရပ်ရပ်၊ လုပ်ဆောင်ချက်ကောင်းမွန်မှုကြောင့် ဖြစ်ပေါ်လာမယ့် ကောင်းကံတွေကို လူ့စွမ်းအားမတည်ရင်းနှီးမှု၊ လူမှုရေးမတည်ရင်းနှီးမှုနဲ့ ငွေကြေးမတည်ရင်းနှီးမှုတွေ ပေါင်းစည်းလုပ်ဆောင်ကြရတယ်။ ဒါတွေရဲ့ စနစ်တကျ ပေါင်းစည်းလုပ်ဆောင် စီမံခန့်ခွဲမှုကို (Corporate Social/ Responsibility CSR) လို့ခေါ်တယ်။

လူတစ်ဦးချင်းစီရဲ့ ခိုင်မာတဲ့လုပ်ဆောင်မှုက လူ့စွမ်းအားရင်းမြစ်တွေရဲ့ မြင့်မားတဲ့အဆင့်တွေနဲ့ ဆက်စပ်နေသလို အဖွဲ့အစည်းတွေရဲ့ ကြီးမားခိုင်မာတဲ့ လုပ်ဆောက်မှုက လူတစ်ဦးခြင်းရဲ့ မြင့်မားခိုင်မာတဲ့ လူမှုရေးမတည်ရင်းနှီးမှုအပေါ် မှီယိုင်ဆက်စပ်နေတယ်။ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေမှာဖြစ်စေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာဖြစ်စေ တစ်ဦးချင်းစီရဲ့ ကောင်းမွန်သော ပေါင်းစည်းလုပ်ဆောင်မှုကို Corporate Governance အဖြစ်သတ်မှတ်လုပ်ဆောင်လာမှုတွေကနေ ကုန်ထုတ်လုပ်မှု စွမ်းအားတွေ ကောင်းလာစေပြီး မိမိလူမျိုးနှင့်နိုင်ငံကို အကျိုးဖြစ်ထွန်းစေမှုတွေ ပေါ်ပေါက်လာစေရတာဖြစ်တယ်။ စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းတွေမှာ အရင်းအနှီးတွေ ပိုမိုများပြားစွာ ရင်းနှီးမြှုပ်နှံလာနိုင်တာနဲ့အမျှ ထုတ်လုပ်မှုစွမ်းအားတွေမြင့်မားတိုးတက်လာစေပြီး Stake Holders လို့ခေါ်တဲ့ မိမိနဲ့ဆက်သွယ်သူတွေဖြစ်တဲ့ ဖောက်သည်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ အပါအဝင် လူအများကို အကျိုးဖြစ်ထွန်းစေတာဖြစ်တယ်။

နောက်တစ်ခုက လူသားနဲ့လူမှုရေး မတည်ရင်းနှီးမှုတွေုပြုလုပ်ရာမှာ Lean Concept သဘောတရားတွေကိုလည်း အသုံးပြုတတ်ဖို့လိုအပ်တယ်။ သာမန်အားဖြင့် Lean ဆိုတာ သေးကွေးပိန်လှီသောလို့ အဓိပ္ပါယ်ရပေမဲ့ စီးပွားရေးလုပ်ငန်းတွေမှာ Lean Concept က လုပ်ငန်းနေရာတိုင်းမှာ အရေးပါလာနေတယ်။ လုပ်ငန်းတွေဆောင်ရွက်ကြရာမှာ ဆက်တိုက်တိုးတက်ကောင်းမွန်စေမှု (Continuous Improvement) ရှိရမယ်၊ အပြစ်အနာအဆာ ဖြစ်မှုကင်းစင်ရမယ် (Defect Free) အပြစ်အနာအဆာ ကင်းစင်စေမှုမှာ အစကနဦးအပိုင်းမှာနဲ့ ဒီကနေ့ခေတ်မှာ ပိုမိုတိုးတက်တာက ဟိုယခက်က Qualitative Approach ကိုသုံးခဲ့ကြပေမဲ့ ဒီကနေ့ခေတ်မှာတော့ Quantitative ကိုအလေးထားလာကြတာဖြစ်တယ်။ဟိုယခင်က Total Quality Management (TQM) လို့ခေါ်တဲ့ အရည်အသွေးပြည့် စီမံခန့်ခွဲမှုမှာ
Total= T= အဖွဲ့အစည်းအတွင်း ပါဝင်ကြသူတွေ အားလုံးတက်ကြွစွာ ပါဝင်လုပ်ဆောင်မှု
Quality = Q= အပြစ်အနာအဆာ ကင်းစင်စေခြင်းဖြင့် အရည်အသွေး ကောင်းမွန်စေမှု
Management = M= စနစ်တကျ စီမံခန့်ခွဲမှုနိုင်စေမှုတွေ ပါဝင်တယ်။ ဒီကနေ့ခေတ်မှာတော့ Quantitative Approach အရ လုပ်ဆောင်ချက် ၁သန်းမှာ အမှားဖြစ်စေမှု (၃.၄) သာဖြစ်ပြီး အကျိုးဖြစ်ထွန်းစေမှုက ၉၉.၉၉၉၇% ရှိစေရမယ်ဆိုတာဖြစ်တယ်။ ဒါကို Six Sigma Quality လို့သတ်မှတ်ကြတာဖြစ်တယ်၊ ဒါကြောင့် အစပြုစီးပွားရေးလုပ်ငန်းတွေမှာ ကတည်းက လူသားတွေနဲ့ မတည်ရင်းနှီးမှုတန်ဖိုးက ရာခိုင်နှုန်းပြည့်နီးပါး ကောင်းမွန်စေရမယ်လို့ ဆိုချင်ကြောင်းပါ။

#ZTK #YouCanTrust

-ဦးငွေသိန်း(Myanmar Banking & Finance Magazine)

 

Leave a Reply

Your email address will not be published. Required fields are marked *