စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) တိုင်းသည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော်လည်း စီးပွားရေးလုပ်ငန်းရှင်တိုင်းတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ မဟုတ်ကြပါဘူး။
ကမ္ဘာပေါ်ရှိသန်းပေါင်းများစွာသော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ သမိုင်းကြောင်းနှင့် ကိုယ်ရေးရာဇဝင်များ လုပ်ဆောင်ချက်များကို ပြန်လည်လေ့လာဆန်းစစ်ကြည့်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ထူထောင်နိုင်မည်ဖြစ်သော အတွေးအခေါ်၊အကြံအစည်များစွာထဲမှ ပိုမိုကောင်းမွန်သော နည်းလမ်းများကို တင်ပြပေးပါမည်။
” ပထမနည်းလမ်းမှာ လက်ရှိစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီများကိုလေ့လာခြင်း”ပင်ဖြစ်သည်။ မြန်မာ့စကားပုံတစ်ခုဖြစ်သည့် “အကြံတူ၊ နောက်လူသာစမြဲ” ဆိုသည့်အတိုင်း၊ လက်ရှိဈေးကွက်တွင် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချ နေသော ကုမ္ပဏီများကို ကိုယ်တိုင်ကိုကျ ကွင်းဆင်းလေ့လာသုံးသပ်ပြီးမှ မိမိက လုပ်ငန်းစတင်ခြင်းဖြစ်တဲ့အတွက် မူရင်းလုပ်ကိုင်သူများ၏ အားသာချက်၊ အားနည်းချက် များကိုသိရှိပြီး ပြုပြင်ဆောင်ရွတ်ပြင်ဆင်ကာ ၎င်းတို့ထက် သာလွန်အောင် ပြိုင်ဆိုင်မှုအပြည့်ရှိသော ဈေးကွက် (Perfect Competition Market) သို့ ဝင်ရောက်ခြင်းမျိုးပင်ဖြစ်သည်။
ဒုတိယနည်းလမ်းမှာ “စားသုံးသူ(Consumer) များနှင့်တွေ့ဆုံလေ့လာခြင်း” ပင်ဖြစ်သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မည်သည့်စီးပွားရေး၊ မည်သည့်ပစ္စည်းကိုထုတ်မည်။ မည်သည့်ဆောင်ရွတ်မှုလုပ်ငန်းမျိုးလုပ်မည်ကို စတင်စဉ်းစားရွေးချယ်သောအခါ တကယ်ဈေးကွက်ထဲတွင်ရှိနေသည့် စားသုံးသူ (End Users) များနှင့်တွေ့ဆုံမေးမြန်းစုံစမ်းရန် လိုအပ်ပေသည်။
ယင်းသို့ဆောင်ရွတ်ရာတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်ကိုယ်တိုင် ကွင်းဆင်းကာ စားသုံးသူရှိသော နေရာများဖြစ်သည့် ဈေးများ၊ စတိုးဆိုင်များ အရောင်းအဝယ်ဖြစ်နေသည့် နေရာများသို့ကိုယ်တိုင်သွားရောက်ကာ စားသုံးသူများ၏ ယခုလက်ရှိသုံးစွဲနေသော ကုန်ပစ္စည်းများ (သို့မဟုတ်) ဆောင်ရွတ်မှုလုပ်ငန်းများအပေါ် ၎င်းတို့၏ အမြင်သဘောထား၊ ကြိုက်နှစ်သက်မှုအတိမ်အနက်၊ ဝယ်လိုအား၊ ကုန်ပစ္စည်းကို ပြုပြင်ပြောင်းလဲပြင်ဆင်ရန်လို/မလို၊တံဆိပ်အပေါ်အမြင်း၊ ကြော်ငြာပုံစံအပေါ်အမြင် စသည်တို့ကိုမေးမြန်းရပေမည်။ စားသုံးသူများနှင့် ကိုယ်တိုင်တွေ့ဆုံမေးမြန်းပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်များ ရယူရေးမှာ လက်တွေ့တွင် လွယ်ကူမည်မဟုတ်ပါ။
မည်သည့်စားသုံးသူကမှ အချိန်ကုန်ခံ၊ လေကုန်ခံပြီး ဂရုတစိုက် စိတ်ရှည်လက်ရှည် ရှင်းပြမည်မဟုတ်ပါ။ သို့ဖြစ်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင်အနေနှင့် စားသုံးသူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုအစား စားသုံးသူများဝယ်ယူနေသည့် နေရာများတွင် ၎င်းတို့၏ ဝယ်ယူအားပေးမှုအတိုင်းအတာ၊ ပမာဏ၊ ကြိုက်နှစ်သက်မှု၊ ကုန်ပစ္စည်း (သို့မဟုတ်) ဆောင်ရွတ်ပေးမှုအပေါ် ထင်မြင်ယူဆသုံးသပ်ချက်များကို သင့်ရာနည်းဖြင့် လေ့လာရယူရန်လိုအပ်ပေသည်။
တစ်နည်းအားဖြင့် စားသုံးသူများမှာ မိမိထံမှဝယ်ယူမည့် ဖောက်သည်များဖြစ်သဖြင့် ၎င်းတို့၏ စိတ်နေသဘောထား၊ ငွေကြေးတတ်နိုင်မှု၊ ၎င်းတို့၏ အကျိုးမြတ်ရှိ/မရှိနှင့် စိတ်ကျေနပ်မှု ၊ ဝယ်ယူသည့်ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုး တန်/မတန် စသည်တို့ကို စားသုံးသူများထံမှ စဉ်ဆက်မပြတ် ဆန္ဒခံယူထားရန်လိုသည်။ ယင်းအချက်များရရှိပြီးမှ မည်သည့်ပစ္စည်းကို မည်သည့်အမျိုးအစားဖြင့် မည်သည့်ဈေးနှုန်းဖြင့်ထုတ်လျှင် ကိုယ့်အတွက် အကျိုးရှိမည်ကို ဆုံးဖြတ်ချက်ချနိုင်မည်။
တတိယနည်းမှာ “သုတေသန ပြုလုပ်လေ့လာခြင်းပင်ဖြစ်သည်” ။ လုပ်ငန်းရှင်အနေဖြင့် မည်သည့်ပစ္စည်း၊ မည်သည့်ဆောင်ရွတ်မှုမျိုး ပြုလုပ်မည်ကို ရွေးချယ်စဉ်းစားသောအခါ ကိုယ်တိုင်မည်သည့်ပစ္စည်းထုတ်လုပ်မည်ကို ကိုယ်ပိုင်စမ်းသပ်တီထွင်သည့်နည်းပင်ဖြစ်သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် အချို့သည် မိမိပိုင်အလုပ်ရုံ (သို့မဟုတ်) စမ်းသပ်ခန်းများပြုလုပ်ကာ မိမိကိုယ်ပိုင်အတတ်ပညာနှင့်သော်လည်းကောင်း၊ အတတ်ပညာရှင်၊ ဓာတ်ခွဲခန်းပညာရှင်များ၏ အကူအညီ ရယူ၍သော်လည်းကောင်း စမ်းသပ်ပြီးမှ ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်သို့. ပို့ဆောင်ဖြန့်ဖြူးသူများရှိပေသည်။ မည်သည့်လုပ်ငန်းလုပ်ရမည်၊ မည်သည့်ပစ္စည်း ထုတ်ရမည် ရွေးချယ်သည့်နည်းတွင် ကိုယ်ပိုင်သုတေသနပြုလုပ်သောနည်းသည် အတွေးအခေါ်သစ်များအတွက် အကြီးမားဆုံးသော အရင်းအမြစ်တစ်ခုပင်ဖြစ်သည်။
စတုတ္ထနည်းမှာ “လက်လီ/လက္ကား ဖြန့်ဖြူးရောင်းချ သူများနှင့် တွေ့ဆုံခြင်း” ပင်ဖြစ်သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်အနေဖြင့် မည်သည့်ပစ္စည်း(သို့မဟုတ်) ဆောင်ရွတ်မှုလုပ်ငန်းလုပ်ရမည်ကို စဉ်းစားရာတွင် လက်လီလက္ကားဖြန့်ဖြူးရောင်းချသူများနှင့် တွေ့ဆုံမေးမြန်းလေ့လာခြင်းသည် ထူးခြားမှုရှိသော အရင်းအမြစ်ပင်ဖြစ်သည်။ လက်လီလက္ကားဖြန့်ဖြူးရောင်းချသူများသည် ဈေးကွက်၏လိုအပ်ချက်များကို အသိဆုံးဖြစ်သည်။
လက်လီလက္ကားဖြန့်ဖြူးရောင်းချသူများသည် ယနေ့ဈေးကွက်တွင် အနှုတ်အသိမ်းအများဆုံးလုပ်သော ပစ္စည်းကို အသိဆုံးပင်ဖြစ်သောကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် အနေဖြင့် ယင်းတို့နှင့်တွေ့ဆုံမေးမြန်းရန်လိုအပ်ပေသည်။ မည်သည့်ပစ္စည်း (သို့မဟုတ်) ဆောင်ရွတ်မှုလုပ်ငန်းသည် ဈေးကွက်တွင် အရောင်းရအသွက်ဆုံးဟု သိရှိသောအခါ ယင်းသို့အလားတူ ပစ္စည်းမျိုးထုတ်လုပ်ရောင်းချလျှင် မိမိဘက်မှ ဈေးကွက်တွင်း ပိုင်နိုင်သေချာမည်ဖြစ်သောကြောင့် ယင်းပစ္စည်းကိုလုပ်ကိုင်ဆောင်ရွတ်ဖို့ အကြံရပေမည်။
“ပဉ္စမနည်းလမ်းမှာ အစိုးရ၏ထုတ်ပြန်ချက်များ၊ ကြေငြာချက်များကို လေ့လာခြင်းဖြစ်သည်။” စွန့်ဦးတီထွင်လုပ်ငန်းရှင်အနေဖြင့် မည်သည့်ပစ္စည်း (သို့မဟုတ်) ဆောင်ရွတ်မှုလုပ်ငန်း လုပ်ကိုင်မည်ကို နိုင်ငံတော်အစိုးရ၏ အခါအားလျော်စွာထုတ်ပြန်သော ကြေငြာချက်များ၊ စည်းကမ်းချက်များကို လေ့လာပြီးမှ ရွေးချယ်နိုင်ပေသည်။ ဥပမာ- နိုင်ငံတော်အစိုးရက နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ သမဝါယမပိုင်စက်ရုံ၊ အလုပ်ရုံ တို့တွင် မီးသတ်ဆေးဘူးများ ချိတ်ဆွဲရမည်ဟု ပြဌာန်းသောအခါ ပုဂ္ဂလိကများက မီးသတ်ဆေးဘူးများ ထုတ်လုပ်ရောင်းချပေသည်။ ထို့အတူက နိုင်ငံတော် ထုတ်ပြန်ပြဌာန်းလာသော ပြဌာန်းချက်များအပေါ် မှီ၍မည်သည့်ပစ္စည်းကိုထုတ်မည်၊ မည်သည့်ဆောင်ရွတ်မှုလုပ်ငန်းများကို လုပ်ဆောင်ရမည် တို့ကိုစဉ်းစားရာတွင် များစွာအထောက်အကူ ပေးပေသည်။
ယနေ့လူငယ်များ အများဆုံးမေးသောမေးခွန်းက “Should I Start my own business?”
“မိမိအနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စတင်ထူထောင်နိုင်ပါ့မလား” ဆိုသည့်မေးခွန်းပင်ဖြစ်ရာ စီးပွားရေးလုပ်ငန်းတစ်ခုကို မစတင်မီ လူငယ်စွန့်ဦးတီထွင်သူများအနေဖြင့် အထက်ပါနည်းလမ်းငါးသွယ်ကို ပထမဦးစွာ စဉ်းစားလုပ်ဆောင်ပြီးမှ လုပ်ငန်းရွေးချယ်သင့်ကြောင်း အကြံပြုပါသည်။
ရဲမြင့် (စွန့်ဦးတီထွင်)