လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးတွက်ချေကိုက်စေရန်နှင့် အကျိုးအမြတ်ရနိုင်ရန် မည်သည့်ပစ္စည်းကိုထုတ်မည် (သို့မဟုတ်) မည်သည့်ဆောင်ရွတ်မှုလုပ်ငန်းကို မည်သို့လုပ်ဆောင်မည် စသည့် စိတ်ကူးစိတ်သန်းများကို ပိုမိုတွန်းအားပေးသည့် နည်းလမ်းလုပ်ငန်းစုံကို ဝေမျှလိုက်ပါတယ်။
ပထမနည်းလမ်းမှာ “Problem Inventory Analysis” ဟုခေါ်သော ပြဿ နာကို သရုပ်ခွဲစီစစ်ခြင်း နည်းလမ်းဖြစ်သည်။ ယင်းနည်းလမ်းမှာ စားသုံးနေကြသည့် ကုန်ပစ္စည်းများကို ယေဘုယျကုန်ကြသည့် ကုန်ပစ္စည်းအမျိုးအစား အုပ်စုလိုက်ခွဲကြကာ ကုန်ပစ္စည်းတစ်ခုခြင်းအလိုက် အရည်အသွေး၊ ကြိုက်နှစ်သက်မှု၊ ဈေးနှုန်း စသည်ဖြင့် ကုန်ပစ္စည်းနှင့်ပက်သက်သည့် အကြောင်းအရာများ ယင်းကုန်ပစ္စည်းနှင့် စပ်လျဉ်းသည့် ပြဿ နာများကို ဖော်ပြရေးသားလျက် စားသုံးသူများအား အဖြေရှာ သရုပ်ခွဲ Analysis စေခြင်းပင်ဖြစ်သည်။
ကုန်ပစ္စည်းအုပ်စုအလိုက် အုပ်စုအတွင်း ကုန်ပစ္စည်း တစ်မျိုးစီအပေါ် ထင်မြင်ယူဆချက်နှင့် အကြံပြုချက်များကို စုစည်းစေပြီးမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် ယင်းအကြံပြုချက်နှင့် သရုပ်ခွဲရလာဒ်များအပေါ် မူတည်၍ မည်သည့်ကုန်ပစ္စည်းမျိုးထုတ်မည်။ မည်သည့်ဆောင်ရွတ်မှုလုပ်ငန်းအသစ်မျိုး လုပ်မည်ကို ဆုံးဖြတ်နိုင်သဖြင့် ယင်းနည်းလမ်းမှာ အတွေ့အကြုံ များအရ ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။
ဒုတိယနည်းလမ်းမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင် အနေဖြင့် ယင်းနည်းလမ်းကို အသုံးပြုရာတွင် လုပ်ငန်အတွေ့အကြုံရှိပြီးဖြစ်ကြသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းကာ မည်သည့်ပစ္စည်း (သို့မဟုတ်) ဆောင်ရွတ်မှုလုပ်ငန်း လုပ်မည်ကို စဉ်းစားတွေးခေါ်ရသလောက် စာရွတ်ပေါ်တွင် ရေးသည့်နည်း (Brainstorming) ပင်ဖြစ်သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် အနေဖြင့် ယင်းသို့စဉ်းစားနိုင်သူ၊ အတွေ့အကြုံ ရှိသူများအား စုစည်းရပေမည်။ ယင်းနည်းကို အသုံးပြုရာတွင် အချို့သော စဉ်းစားတွေးခေါ်ချက်များအရ ထွက်ပေါ်လာသည့်ရလာဒ်များသည် တကယ်ဖြစ်နိုင်မှုနည်းပါးပြီး ရယ်စရာဟာသ သဘောမျိုးဖြစ်နိုင်သော်လည်း ယင်းထံမှပင် တကယ်လုပ်နိုင်သော၊ သဘာဝကျသော၊ အကြံအစည်များ ပေါ်ထွက်ရပေသည်။
ယင်း Brainstorming နည်းကိုအသုံးပြုရာတွင် အောက်ပါလိုက်နာရမည့် အချက် ၄ချက်ကို သတိပြုရမည်။
(၁) တစ်ဦး၏အကြံအစည် တွေးဆချက်ကို တစ်ဦးက မဝေဖန် မသုံးသပ်ရပါ။ အပြုသဘောမဆောင်သော ဝေဖန်မှုမျိုးကို လုံးဝမပြုလုပ်ရပါ။
(၂) ကြံစည်တွေးတောရာတွင် လုပ်ထုံးလုပ်နည်းကျကျ ကန့်သတ်ချက်များဖြင့် စဉ်းစားရန်မလိုပါ။ လွတ်လပ်စွာ စဉ်းစားလေလေ ပိုမိုကောင်းမွန်သော အတွေးသစ်၊ အကြံအစည်သစ်ရလေပင်ဖြစ်သည်။
(၃) အတွေးအခေါ် အကြံအစည်၏ အရည်အသွေးကိုမလိုပေ။ အရေအတွက်ကိုသာ လိုပေသည်။ အတွေးအခေါ်အကြံအစည်များလေလေ အသုံးပြုနိုင်သော အတွေးအခေါ်ပိုရလေလေဖြစ်သည်။
(၄) ယှဉ်တွဲအသုံးပြုနိုင်သော အတွေးအခေါ် အကြံအစည်တိုးတက်သော idea များဖြစ်ရမည်ဖြစ်ပြီး တစ်ဦး၏ အကြံစည်သစ် ရှိနေလင့်ကစား အခြားသူတစ်ဦး၏ အတွေးအခေါ် အကြံအစည်များကို အသုံးပြုနိုင်ရပါမည်။
ယင်းနည်းလမ်းသည် စိတ်ဝင်စရာကောင်းသော နည်းလမ်းတစ်ခုဖြစ်သည့်အပြင် ပျော်ရွင်စရာလည်းကောင်းသည်။ ထိုသို့တွေ့ဆုံဆွေးနွေး စဉ်းစားကြရာတွင် သီးခြားကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ ပါဝင်ရန်မလိုအပ်ပေ။
တတိယနည်းမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အနေဖြင့် မိမိထုတ်လုပ်ဆောင်ရွတ်မည့်ပစ္စည်း၊ လုပ်ငန်းများအတွက် သီးခြားလုပ်ငန်းတစ်ခုအနေဖြင့် ယင်းလုပ်ငန်းကို အာရုံစူးစိုက်မည့် အဖွဲ့များ (Focus Groups)ကို ဖွဲ့စည်းကာ ပြည်သူလူထုအား ဝင်ရောက်လေ့လာမေးမြန်းသည့် နည်းပင်ဖြစ်သည်။ ယင်းနည်းလမ်းကို အနောက်နိုင်ငံများတွင် ၁၉၅၀ ပြည့်နှစ်ကတည်းက အသုံးချနေပေသည်။ ယင်းစူးစမ်းလေ့လာသည့်အဖွဲ့တွင် ဦးစီးဦးဆောင်ပြုသူ (Moderator) တစ်ဦးက အဖွဲ့ခေါင်းဆောင်ပြုလုပ်ကာ စားသုံးသူများကို မဲဆွယ်တရားဟောသည့်ပုံစံမျိုးမဟုတ်ဘဲ စားသုံးသူများ၏ လိုအပ်ချက်များကို ပွင့်လင်းရင်းနှီးစွာ နှိုက်နှိုက်ချွတ် မေးမြန်းစုံစမ်းခြင်းမျိုး ပြုလုပ်ကြပေသည်။ စားသုံးသူများ ဈေးကွက်ထဲသို့ ထုတ်လုပ်လိုက်သောပစ္စည်း သို့မဟုတ် ဆောင်ရွတ်မှုလုပ်ငန်းများအပေါ် စားသုံးသူများ၏ ခံစားချက်ကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း လေ့လာခြင်းမျိုးပင်ဖြစ်သည်။
ယင်းနည်းမှာ အတွေးအမြင်သစ်များကို ပေါ်ပေါက်စေသည့်အပြင် စားသုံးသူများ၏ အတွေးအမြင် နှင့် သဘောထား ခံယူချက်များကိုပါ ဦးဆောင်မြင်တွေ့စေနိုင်ပေသည်။ ယင်းနည်းသည် မည်သည့်ပစ္စည်း သို့မဟုတ် ဆောင်ရွတ်မှုလုပ်ငန်းကို ဆောင်ရွတ်ရမည့်လုပ်ထုံးလုပ်နည်းများကို ရရှိစေသည့်အပြင် အရေအတွက်၊ အရည်အသွေးများက်ု ဆန်းစစ်သရုပ်ခွဲခြင်းနှင့် ရရှိသည့်ရလာဒ်အပေါ် အဖြေထုတ်အဓိပ္ပါယ် ပေါ်စေနိုင်မှုလည်း ရရှိနိုင်ပေသည်။ သို့ဖြစ်ရာ ယင်းနည်းကို အသုံးပြုခြင်းဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်အတွက် ပစ္စည်းအသစ်အဆန်း သို့မဟုတ် ဆောင်ရွတ်မှု လုပ်ငန်း အသစ်အဆန်းကို သိမြင်လာကာ မိမိစီးပွားရေးလုပ်ငန်းတွင် ပိုင်နိုင်စွာ အသုံးချနိုင်ပေသည်။
ယနေ့ကာလသည် အပြည့်အဝ ပြိုင်ဆိုင်မှုရှိသော ဈေးကွက် (Perfect Competition Market) တွင် ဝင်ရောက်နေကြပြီဖြစ်ရာ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် အနိုင်ကျဲကာ ထုတ်လုပ်မည့်ပစ္စည်းဆောင်ရွတ်မှုလုပ်ငန်းများကို ရွေးချယ်ရာ၌ စိတ်ကူးကောင်းကလေးများ ရှိဖို့လိုသည်ကို အထူးသတိပြုသင့်ပေသည်။#ZTK