ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ (Financial Institutions) အတွက် အဓိကအားဖြင့် ငွေကြေးဈေးကွက် (Money Market) များနှင့် အရင်းအနှီးဈေးကွက် (Capital Market) တို့သည် အရေးပါသည်။ ငွေကြေးဈေး ကွက်များသည် ကာလတိုအတွက် ရည်ရွယ်ပြီး ထူထောင်ထားသော ငွေကြေးအဖွဲ့အစည်းဖြစ်သည်။ တနည်း အားဖြင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော ငွေကြေးကိုရယူနိုင်သော ငွေကြေး အဖွဲ့အစည်းလည်းဖြစ်သည်။ အရင်းအနှီးဈေးကွက်များကတော့ ကာလရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် ထုတ်ချေး သော ငွေကြေးသည် ဈေးကွက်ဖြစ်သော်လည်း အရင်းအနှီးဈေးကွက်အဖြစ် သတ်မှတ်ခေါ်ဆိုထားသည်။
ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများသည် အဓိကအားဖြင့် ဗဟိုဘဏ်၊ ငွေကြေးဈေးကွက် (Money Market)၊ စတော့အိတ်ချိန်းဈေးကွက် (The stock exchange) နှင့် အရင်းအနှီးဈေးကွက် (Capital Market) တို့နှင့် ဆက်စပ်ပြီး အလုပ်လုပ်ကြရသည်။ ဗဟိုဘဏ်သည် ဘဏ်အမည်တပ်ထားသော်လည်း ဘဏ်များနှင့် ငွေကြေး အဖွဲ့အစည်းများကို ထိန်းကျောင်းသော အဖွဲ့အစည်းသာဖြစ်သည်။
Centre of the banking system သဘော မျိုး ဖြစ်နေသောကြောင့်လည်း ဗဟိုဘဏ် (Central Bank) ဟု ခေါ်ဆိုခြင်းဖြစ်သည်။အစိုးရထူထောင် ထားသော ငွေကြေး ဆိုင်ရာ ပေါ်လစီများ အတွက်လည်း ထူထောင်ထားသော ဘဏ်လည်းဖြစ်သည်။ “ဗဟို ဘဏ်နှင့်ပတ် သက်လာ လျှင် သမိုင်းကြောင်းရှိသည်။ ဗဟိုဘဏ်အစ အင်္ဂလန်က ” ဟုခေါ်နိုင်သည်။ အင်္ဂလန် နိုင်ငံ၏ ဗဟိုဘဏ် Bank of England ၏ သမိုင်းကြောင်းကို ပြန်လေ့လာမည်ဆိုလျှင် တတိယမြောက် ၀ီလီယံ ဘုရင်သည် ၁၆၉၄ ခုနှစ်တွင် ပြင်သစ်တို့ကို တိုက်ရန်အတွက် ဘဏ်ထူထောင်ခဲ့သည်။ ငွေကြေးအင်အား တောင့်တင်းမှုအတွက် လိုအပ်ချက် တစ်ရပ်အနေဖြင့် ထူထောင်ခြင်းဖြစ်သည်။ အင်္ဂလန်ပြည့်ရှင် ဘုရင်ထူ ထောင်သော ဘဏ်ဆိုတော့လည်း အခြားဘဏ်များအပေါ် အလိုအလျောက် သြဇာညောင်းပါတော့သည်။ အခြားဘဏ်များ အနေဖြင့်လည်း ကျော်မလုပ်ရဲသော အခြေအနေလည်းဖြစ်နေသည်။ ချွင်းချက်မရှိ ငွေကြေး ထုတ်ဝေရိုက်နှိပ်ခွင့် အာဏာကိုလည်း ၁၈၄၄ ခုနှစ် ဘဏ်ချတာအက် ဥပဒေအရ ပြဌာန်းပြီး ရယူနိုင်ခဲ့သည်။
အတိုးနှုန်းကိုလည်း ၀ီလီယံ ဘုရင်ဘဏ်အပေါ်မူတည်ပြီး လိုက်လျောညီထွေ လုပ်ဆောင်ရခြင်းများလည်း ရှိလာ သည်။ ၀ီလီဘုရင်၏ ဘဏ်သည် မသိမသာ၊ သိသိသာသာ အခြားဘဏ်များအပေါ် သြဇာလွှမ်းမိုးမှုများ ရှိလာ သည်။ ထို့အပြင် ငွေကြေးမူဝါဒနှင့် ငွေကြေးပေါ်လစီများ အထိပင် အကြုံးဝင်သက်ရောက်မှု ရှိလာသောကြောင့် ၁၉၄၆ ခုနှစ်တွင် ၀ီလံယံဘုရင်၏ ဘဏ်ကို ပြည်သူပိုင်အဖြစ် သိမ်းလိုက်ပြီး နိုင်ငံတော်ဘဏ် အဖြစ် ကြေညာ လိုက်ရသည်။ ထို့နောက် ငွေကြေးပေါ်လစီနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပေါ်လစီများကို ပြည်သူပိုင်အဖြစ် သိမ်းထားသော နိုင်ငံတော်ဘဏ်က ချမှတ် လုပ်ကိုင်ဆောင်ရွက် လာပါသည်။
ထို့အပြင် ထိုဘဏ်များကိုလည်း ဗဟိုဘဏ် (Central Bank) အဖြစ် ခေါ်ဝေါ်သမုတ်လာပါတော့သည်။ ဗဟိုဘဏ်အဖြစ် ဆောင်ရွက် လုပ်ကိုင် လာရသောကြောင့်လည်း သာမန်ဘဏ်များကဲ့သို့ အပ်ငွေ လက်ခံ ခြင်း၊ ချေးငွေ ထုတ်ချေးခြင်းများကိုလည်း ပြုလုပ်နိုင်ခွင့်မရှိတော့၊ ထို့အပြင် အစိုးရနှင့် အခြားဘဏ်များအတွက် စီမံ အုပ်ချုပ်ခန့်ခွဲ မှုများကိုလည်း ပြုလုပ်ပေးရသည်။ အဓိကလုပ်ဆောင်ရမှုတွင် ၁၈၄၄ ခုနှစ် ဘဏ်ချတာ အက် ဥပဒေအရ ငွေစက္ကူထုတ်ဝေခွင့်ကို တစ်ဦးချင်း အာဏာကုန်ရရှိထားသော ဘဏ်ဖြစ်လာသည်။ သို့သော်လည်း စတော့တလန်နှင့် တောင်ပိုင်း အာယာလန် ဒေသများ အတွင်းရှိ ဘဏ်များအပေါ်သို့ ထိုငွေစက္ကူထုတ်ဝေခွင့် တစ်ဦးသော အာဏာပိုင် အဖွဲ့အစည်း အနေဖြင့်တော့ လွှမ်းမိုးနိုင်မှု နည်းနေပါသေးသည်။ Legal Tender ဟူ သော စကားရပ်မှာလည်း ထိုအချိန်မှ စတင်ပြီး အင်္ဂလန်ဘဏ်များထုတ်ဝေသော ငွေစက္ကူနှင့် အကြွေများကို ရည်ညွှန်းခေါ်ဆိုခြင်းသာဖြစ်သည်။
ဗဟိုဘဏ်အဖြစ် ရပ်တည်ပေးနေရသော အင်္ဂလန်ဘဏ်အဖို့ ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် ရင်းနှီး မြှုပ်နှံမှုဘဏ်များအပါအ၀င် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲများကို လုပ်ကိုင်ဆောင်ရွက်ပေးရသည်။ အထူးသဖြင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များအနေဖြင့် ဘဏ်အပ်ငွေများ၏ တစ်စုံတစ်ခုသော အတိုင်းအတာ ရာခိုင်နှုန်း တစ်ခုကိုသတ်မှတ်ပြီး ဗဟိုဘဏ်တွင် ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ အပ်ငွေမှ အရံငွေအဖြစ် သွား ရောက် အပ်နှံထားရှိရသည်။ ယခုခေတ်တွင် အွန်လိုင်းစနစ်အရ ငွေပေးချေမှုများ ဖြစ်လာသောကြောင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် အရေအတွက် များလာသည့်တိုင် ဗဟိုဘဏ်တွင် အပ်နှံထားရှိသော စနစ်သည် ပိုမိုလွယ်ကူလာသည်။ ဗဟိုဘဏ်အနေဖြင့် အပ်ငွေ၏ ရာခိုင်နှုန်းမည်မျှကို ဗဟိုဘဏ်တွင် ကူးသန်းရောင်းဝယ်ရေးဘဏ်များက ထားရှိ ပေးရန်သာလိုသည်။ ထိုသို့ ထားရှိသော ရည်ရွယ်ချက်သည်လည်း ကောင်းသော ရည်ရွယ်ချက်များရှိပါသည်။ အကြောင်းမှာ ကူးသန်းရောင်းဝယ်ရး ဘဏ်များအနေဖြင့် အပ်ငွေပေါ်မူတည်ပြီး၊ ချေးငွေဖန်တီးနိုင်မှု Credit Creation ရှိပါသည်။ သို့သော်လည်း ချေးငွေဖန်တီးမှုများလွန်းပါက ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာနိုင်သည်။ ငွေကြေးဖောင်းပွမှု ဖြစ်လာမည်ဆိုပါကလည်း လူတို့၏ ၀ယ်နိုင်စွမ်းအားလည်း ကျဆင်းသွားတတ်သောကြောင့် ချေးငွေဖန်တီးမှုကို ထိန်းချုပ်လိုသော သဘောဖြင့် ဗဟိုဘဏ်သည် ထိုသို့ အရံငွေအဖြစ် ဗဟိုဘဏ်တွင် ထားရှိ စေခြင်းသာဖြစ်သည်။ ဥပမာ- ကူးသန်းရောင်းဝယ်ရေးဘဏ်တွင် လာရောက်အပ်နှံထားသော စုဆောင်းငွေ၏ (၁၀ %) ဗဟိုဘဏ်တွင် ထားရှိရမည်ဆိုပါစို့၊ ထို(၁၀%)သည် ဗဟိုဘဏ်အနေဖြင့် ချေးငွေပမာဏ ထိန်းချုပ်ရန် အတွက် သွယ်ဝိုက်လက်နက် ဖြစ်လာနိုင်ပါတယ်။ ငွေဖောင်းပွမှု အခြေအနေကြောင့် လူထုလက်ထဲတွင် ငွေ ကြေး ပမာဏများနေမည်ဆိုပါက ဗဟိုဘဏ်အနေဖြင့် အရံငွေသားပမာဏ ထားရှိရမည့်အချိုးကို မြှင့်တင် လိုက်ခြင်းဖြင့် ချေးငွေဖန်တီးမှုပမာဏ နည်းသွားမည်ဖြစ်သည်။ ထိုအခြေအနေတွင် ဘဏ်တိုးနှုန်းကို မြှင့်လိုက် ခြင်းဖြင့် ငွေချေးယူလိုမှုနည်းသွားပြီး ငွေစုလိုသူများလာနိုင်ပါသည်။ ချေးငွေဖန်တီးမှုလည်းနည်းပြီး ငွေကြေး အပ်နှံလိုသူ (စုလိုသူများ) လည်း များလာမည်ဆိုပါက လူထုလက်ထဲတွင် များပြားနေသော ငွေကြေး ပမာဏ သည်လည်း နည်းပါးလာပြီး ငွေဖောင်းပွမှုကို ကုစားနိုင်မည့် သဘောဖြစ်သည်။
Deflation ကိုကုစားခြင်း
လူထုနှင့် လုပ်ငန်းများအနေဖြင့် ငွေကျပ်တည်းမှု အခြေအနေကြုံတွေ့နေရပြီး ငွေကြေးပမာဏ လက်ဝယ်တွင် နည်းပါးနေမည်ဆိုပါက ဗဟိုဘဏ်အနေဖြင့် သီးသန့်ငွေသား အချိုးပမာဏကို လျော့ချလိုက်ခြင်းဖြင့် ချေးငွေ ဖန်တီးနိုင်မှု ပမာဏများပြားလာနိုင်ပါသည်။ ထိုအခြေအနေတွင် ဗဟိုဘဏ် အနေခြင့် အတိုးနှုန်းများ လျော့ချ လိုက်ခြင်းဖြင့် ငွေစုဆောင်းသူနည်းသွားပြီး ငွေချေးလိုသူများလာနိုင်သည်။ ထို့ ကြောင့် လူထုလက်ဝယ်နှင့် လုပ်ငန်းများတွင် ငွေကြေးပမာဏများလာပြီး ငွေကျုံ့သွားမှုဒဏ် Deflation ကို ကု စားနိုင်မည့် သဘော ဖြစ်သွားပါတော့သည်။
သို့သော်လည်း ကူးသန်းရောင်းဝယ်ရေး ဘဏ်များအဖို့တော့ ထိုအချက်ကို သဘောပေါက်နားလည်မှသာ ဗဟိုဘဏ်အနေဖြင့် ငွေကြေးပမာဏ ထိန်းချုပ်မှု၊ ငွေကြေးပေါ်လစီ စီမံခန့်ခွဲမှုများကို ထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထိုသို့သော အခြေအနေကို နားလည်မှုမရှိဘဲ သတ်မှတ်ထားသော သီးသန့်ငွေသားအချိုးကို ထားချင်သလို ထားမည်ဆိုလျှင် (Credit Creation) ချေးငွေဖန်တီးမှုကို ထိန်းချုပ်ရန် ဗဟိုဘဏ်အနေဖြင့် ခက်ခဲလာနိုင်ပါ သည်။ အပ်ငွေများပေါ်မှ ချေးငွေပြန်လည်ဖန်တီးရခြင်းသာ ဖြစ်သောကြောင့် ချေးငွေများ လက်လွန်စွာ ချေးမိပြီး အပ်ငွေထားသူများက ပြန်လည်တောင်းခံသောအခါတွင် ပြန်လည်ပေးရန် လုံလောက်သော ငွေသားပမာဏာ မရှိလျှင် ဘဏ်အပေါ်တွင် ယုံကြည်မှုကင်းမဲ့လာနိုင်ပါသည်။ ဘဏ်အပေါ် ယုံကြည်မှုကင်းမဲ့ လာမည်ဆိုပါက အမျိုးသားငွေကြေးသည် တည်ငြိမ်မှုကင်းမဲ့လာတတ်ပါသည်။ ငွေကြေးတည်ငြိမ်မှု ကင်းမဲ့လာလျှင် နိုင်ငံရေး တည်ငြိမ်မှုသည်လည်း မငြိမ်မသက်ဖြစ်လာတတ်ပါသည်။ ထိုအခါမျိုးတွင် ဗဟိုဘဏ်အနေဖြင့် ၀င်ရောက် စွက်ဖက်ရလာရသည်။ Commercial များမှလိုအပ်သော ပံ့ပိုးမှုများဖြင့် ကူညီဆောင်ရွက်ပေးသည်။ ကူးသန်း ရောင်းဝယ်ရေးဘဏ်များကို ကျားကန်ပေးသည်။ Commercial Bank များမှ လိုအပ်သော ချေးငွေများကို ပြန်လည်ထုတ်ပေးမှုများအတွက် လိုအပ်သော ချေးငွေထုတ်ပေးသည်။
သို့သော်လည်း မှတ်လောက်သားလောက်သည့် အတိုးနှုန်းကိုတော့ ဗဟိုဘဏ်သို့ ကူးသန်းရောင်းဝယ်ရေး ဘဏ်များက ပေးဆောင်ရသည်။ ယင်းကို Penal Rate သို့မဟုတ် Minimum Lending Rate ဟုခေါ်ဆိုသည်။ များသောအားဖြင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များသည် ထို Penal Rate Or Minimum Lending Rate နှင့် မထိအောင် ရှောင်ကြသည်။ အကြောင်းမှာ အတိုးနှုန်းကို ကြောက်သောကြောင့် မဟုတ်ပါ။ ဘဏ်နာမည်ပျက်စာရင်းဝင် သွားမည်ကို ကြောက်သောကြောင့် ဖြစ်သည်။
ှ ဗဟိုဘဏ်သည် အ့ခြားသောဘဏ်များနည်းတူ အပ်ငွေလက်ခံခြင်း၊ ချေးငွေထုတ်ချေးခြင်းစသည့် လုပ် ဆောင်ချက်များကို မလုပ်သော်လည်း အစိုးရအတွက် လိုအပ်သော ငွေကြေးကိစ္စ အ၀၀အတွက်တော့ အ ကောင်အထည်ဖော်ပေးရသည်။ အထူးသဖြင့် တိုင်းပြည်အစိုးရများအတွက် တင်ရှိသော အကြွေးများ၊ အဖွဲ့ အ စည်းနှင့် နိုင်ငံခြားသို့ ပေးစရာရှိသည်များ၊ ရစရာရှိသည်များကို စီမံခန့်ခွဲလုပ်ဆောင်ပေးရသည်။ အထူးသဖြင့် အ စိုးရစာချုပ်စာတမ်းနှင့် ငွေတိုက်စာချုပ်အရောင်းအ၀ယ်များအတွက် လုပ်ကိုင်ဆောင်ရွက်ပေးရသည်။ အစိုးရ ငွေတိုက်စာချုပ်များသည် စာချုပ်များထဲတွင် အခိုင်အမာဆုံးသော စာချုပ်များသာဖြစ်သည်။ ထိုစာချုပ်များကို လူထုလက်ထဲတွင် ငွေကြေးဖောင်းပွနေချိန်တွင် စာချုပ်များကို ထုတ်ရောင်းခြင်းဖြင့် ငွေဖောင်းပွမှုကို ကု စားသည်။ အပြန်အလှန်အားဖြင့် လူထုလက်ထဲတွင် ငွေကြေးတည်းမှုများနှင့် ကြုံတွေ့နေရသောအခါတွင် ဗဟို ဘဏ်သည် ထိုငွေတိုက်စာချုပ်များကို ပြန်လည်ဝယ်ယူလိုက်ခြင်းဖြင့် လူထုလက်ထဲတွင် ငွေကြေးပမာဏ များ လာစေပါသည်။
အစိုးရအနေဖြင့် ဘဏ္ဍာရေးပေါ်လစီ Fiscal Policy ကို အကောင်အထည်ဖော်ရာတွင် ထိရောက်စွာ အကောင် အထည်ဖော်နိုင်သလို ဗဟိုဘဏ်အနေဖြင့်လည်း ငွေကြေးပေါ်လစီ Monetary Policy ကိုရောက်စွာ အကောင် အထည်ဖော်ခြင်းဖြင့် တိုင်းပြည် စီးပွားရေးတိုးတက်အောင် လုပ်ကိုင်နိုင်ပါသည်။
Dr.Maung Maung Soe
(Operating Government monetary policy ကိုဆက်လက်တင်ပြပါမည်)