အခုတလောအရပ်ထဲက ငွေကြေးဈေးကွက်တွေ၊ အပေါင်ဆိုင်တွေ အတော်များလာသည်။
ကောင်းသောလက္ခဏာ မဟုတ်သည်ကား သေချာ၊ တစ်ဖက်မှာလည်း SME ခေါ် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းတွေကလည်း များလာသည်။ ရာခိုင်နှုန်းအားဖြင့် 90% ကျော်သည်ဟုဆိုပါသည်။ ကျော်လည်းကျော်နိုင်သည်။ အလတ်စားထက် အသေစား တစ်ပိုင်တစ်နိုင်က ပိုများနေသည်။
ထိုလုပ်ငန်းငယ်လေးများကို ဘဏ်ကငွေမထုတ်ချေး၊ ဘဏ်ဆိုသည်မှာလဲ ထက်တိုင်းငွေထုတ်ချေးလို့ မရသော သဘောရှိသည်။ ငွေထုတ်ချေးမည်ဆိုလျှင် ပိုင်ဆိုင်မှုအရင်ပြရသည်။ ပိုင်ဆိုင်မှုမခိုင်လုံလျှင် ငွေထုတ်မချေး၊ ပိုင်ဆိုင်မှု ခိုင်မာသည့်တိုင် ကာလပေါက်ဈေး၏ ထက်ဝက်မျှသာချေးငွေရလျှင် ကံကောင်းသော ငွေချေးသူ (Lucky Borrower) လို့သတ်မှတ်ရမလိုဖြစ်သည်။
အခြားတစ်ဖက်က ကြည့်မည်ဆိုပါလျှင်လည်း အပ်ငွေရှိမှ ချေးငွေထုတ်ချေးနိုင်မည့် သဘောသည် ဘဏ်၏ အခြေခံသဘောဖြစ်သည်။ ဘဏ်လည်ပတ်မှုမှာလည်း အပ်ငွေပေါ်မူတည်ပြီးမှ ချေးငွေများထုတ်ချေးသည်ဆိုသော သီအိုရီရှိသည်။ သို့သော်လည်း ဘဏ်တွင် ငွေစုမည်ဆိုပါလျှင် ငွေစုသူသည် Net Interest ခေါ် အသားတင်အတိုးနှုန်း ရှိမှ ဘဏ်တွင် ငွေစုမည်ဖြစ်သည်။
ဥပမာ ဘဏ်မှပေးသော စုငွေပေါ်အတိုးနှုန်းသည် (8%) လောက်ဖြစ်ပြီး ငွေဖောင်းပွမှုနှုန်းသည် ထိုအတိုးနှုန်း (8%) ထက်နိမ့်မှသာ ငွေစုသူများအတွက် အသားတင်အတိုးနှုန်းကို ဖြစ်ပေါ်စေပြီး ဘဏ်တွင်လည်း ငွေလာရောက် စုဆောင်းကြမည့် သဘောပင်ဖြစ်သည်။ အကယ်၍ ငွေဖောင်းပွမှုနှုန်းသည် စုငွေပေါ်ပေးသော အတိုးနှုန်းထက် များနေမည်ဖြစ်ပါက ဘဏ်များတွင် ငွေစုမည့်သူ နည်းလာမည်သာဖြစ်ပါသည်။ သို့သော်လည်း ဖွ့ဖြိုးဆဲနိုင်ငံများတွင် ချေးငွေပမာဏ၏ (4%) လောက်သာ အပ်ငွေရှိနေသော အခြေအနေမျိုးများတွင် အပ်ငွေမရှိသော အခြေအနေတွင် မည်ကဲ့သို့ချေးငွေများဖန်တီး (Credit Creation) လုပ်ကိုင်ကြသည့်သဘော ကိုလည်း ပြန်လည်ဆန်းစစ်ရန် လိုလာသည်။ တစ်နည်းအားဖြင့် ဘဏ်များနှင့် ငွေကြေးခဝါချမှုများသည် မည်သို့ဆက်စပ်သည့် သဘောကိုလည်း ပညာရှင်များက ဆန်းစစ်လာကြသည်။
ထိုသို့ ငွေကြေးဆိုင်ရာ ဆန်းစစ်မှုများကို လေ့လာရာတွင် ငွေမည်းခဝါချမှုများတွင် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ဘဏ်လုပ်ငန်းများ ပါဝင်လာမှု အခြေအနေများအပေါ် လေ့လာမှုများပြုလုပ်လာခဲ့သည်။ များသောအားဖြင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများသည် အပြည်ပြည်ဆိုင်ရာနှင့် ဆက်စပ်လုပ်ကိုင်လာကြသည်။ ဘဏ်များသည်ပင်လျှင် ပြည်တွင်းအဆင့်လောက်သာ ဆောင်ရွတ်သော ဘဏ်များသည် အခွင့်အလမ်း နည်းပါးလာသည်။ ငွေကြေးလုပ်ဆောင်မှုဆိုင်ရာ ကွန်ယက်သည် အပြည်ပြည်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွတ် လုပ်ကိုင်နေကြပြီဖြစ်သည်။ ထိုအခါ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများကိုလည်း အပြည်ပြည်ဆိုင်ရာအနေဖြင့် စောင့်ကြည့်လာကြသည်။
ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများတွင် တရားဝင်လမ်းကြောင်းအရ ဝင်ရောက်လာခြင်း ရှိမရှိ ကိုပါ စစ်ဆေးလာသည်။ ပြည်တွင်းတွင် အပ်ငွေထက် အဆမတန် များပြားလာသော ချေးငွေပမာဏများသည်လည်း သတိပြုစရာဖြစ်လာခဲ့သည်။ ချေးငွေထုတ်ချေးမှုများအပြင် အပ်ငွေထားရှိနိုင်သူများ အနေဖြင့်လည်း ဆန်းစစ်နိုင်ပါသေးသည်။ ဘဏ်အနေဖြင့်ွင်လာရောက်အပ်နှံသူဖြစ်စေ ငွေလာရောက်လွှဲပြောင်းထုတ်ယူသည်ဖြစ်စေ၊ ဘဏ်နှင့်ဆက်စပ်သူ ထိုသူ၏ အကြောင်အရာအချက်အလက်ကို သိရှိနိုင်ရမည်ဖြစ်သည်။ များသောအားဖြင့် ဘဏ်များအနေဖြင့် ထိုသို့သော ငွေကြေးလွှဲပြောင်းမှုများနှင့် လုပ်ငန်းလုပ်ဆောင်ချက်များအပေါ် စောင့်ကြည့် အဖွဲ့များပေါ်လာခြင်းကိုပင် ဘဏ်များအနေဖြင့် ဂုဏ်ယူစွာလက်ခံလာကြသည်။ အကြောင်းမှာ ထိုသူများ စစ်ဆေးတွေ့ရှိမှုအရ အောင်မြင်ပြီး ခိုင်မာသော ဘဏ်လုပ်ငန်းကို လုပ်ကိုင်နေသူများအဖို့ မှတ်ကျောက်အတင်ခံရသည့် အယူအဆကို လက်ခံလာကြသည်။ ထိုသို့မှတ်ကျောက်တင်ခံရသည့် ဘဏ်အနေဖြင့်လည်း ဘဏ်များသည် ငွေကြေးခဝါချသော အဖွဲ့အစည်းများ မဟုတ်သလို ဘဏ်များသည် သခိုးလက်ခံ ငွေကြေးအဖွဲ့အစည်း မဟုတ်သည့် သဘောကိုပါ ပြသနိုင်သောကြောင့်ဖြစ်သည်။ ဘဏ်များသုံးလေ့ရှိသော စကားအရတော့ ‘Know Your Customer’ ဟုပြောလေ့ရှိသည်။
တစ်နည်းအားဖြင့် ဘဏ်နှင့်ဆက်သွယ်လုပ်ကိုင် ဆောင်ရွတ်နေသူများကို အလေးထားခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးမရှိပါက ဘဏ်တွင် ငွေချေးထားသူများအနေဖြင့် မိမိတို့ ခိုင်မာသည့် ပိုင်ဆိုင်မှုအတွက်လည်း စိုးရိမ်စရာရှိလာနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဘဏ်များသည် အပ်ငွေလက်ခံခြင်းနှင့် ချေးငွေထုတ်ချေးသည့် အလုပ်သာမဟုတ်တော့ ထိုအပ်ငွေနှင့်ချေးငွေတို့အပေါ်တွင် ထားရှိသည့် ခိုင်မာမှုကိုလည်း ဘဏ်နှင့် ဆက်နွယ်သူများ သိရှိစေရန်ပါ ဆောင်ရွတ်ပေးရန် လိုအပ်လာသည်။ ဘဏအပေါ်စိတ်ချမှု ယုံကြည်မှုများ ဖြစ်လာစေရန် လုပ်ဆောင်ပေးခြင်းသည် ဘဏ်၏တာဝန်တစ်ခုလိုဖြစ်လာပါတော့သည်။ #ZTK