ကုန်ရောင်းသူနှင့်ကုန်ဝယ်သူတို့  တစ်ဦးနှင့်တစ်ဦးအရောင်းအ၀ယ်မလုပ်မီတစ်ဦး၏အခြေအနေကို တစ်ဦးကအပြန်အလှန်သိရှိထားရန်အထူးလိုအပ်ပါသည်။
အဆက်အသွယ်ရှာရာတွင် မိမိ၏ကုန်သွယ်ဖက်နှင့် ရှာဖွေတွေ့ ရှိလျှင် မဖြစ်မနေချုပ်ဆိုရမည့်စာချုပ်မှာ အရောင်းပဋိညာဉ်စာချုပ်(Sale Contract)ပင်ဖြစ်သည်။ အရောင်းပဋိညာဉ်စာချုပ်မချုပ်ဆိုမီ ကုန်ရောင်းသူဘက်နှင့် ကုန်ဝယ်သူဘက်က ထည့်သွင်းစဉ်စားရမည့် အချက်များကို ဆက်လက်ဖော်ပြပါမည်။
ကုန်ရောင်းသူဘက်မှ
(က) ကုန်ပစ္စည်းဝယ်ယူသူသည် အရောင်းပဋိညာဉ်စာချုပ်ချုပ်ဆိုသည့်အတိုင်း ကုန်တန်ဘိုးကိုပေးချေနိုင်မည့် ငွေရေးကြေးရေးခိုင်မာတောင့်တင်းသူ ဟုတ်၊မဟုတ်။
(ခ) ကုန်သည်လောကတွင် ဂုဏ်သတင်းကောင်းမကောင်း။
(ဂ) ကုန်ဘိုးငွေကိုအချိန်မီပေးနိုင်မှု ရှိ၊မရှိ။ စသည်တို့ ကို ကြိုတင်သိရှိရန်အတွက် ကုန်သွယ်ရေးစုံစမ်းမှု (Trade enquiry) ကို ကုန်သည်ကြီးများအသင်း၊ သံရုံးရှိကုန်သွယ်ရေးကောင်စစ်ဝန်၊ ဘဏ်များမှတစ်ဆင့် စုံစမ်းမှုများ ပြုလုပ်ပြီးမှ စာချုပ်ချုပ်ဆိုရပါမည်။
ကုန်ဝယ်သူဘက်မှလည်း
(က) ကုန်ပစ္စည်းရောင်းဝယ်သူသည် ငွေကြေးခိုင်မာတောင့်တင်းသဖြင့် မိမိမှာယူသော ကုန်ပစ္စည်းကို အချိန်မီပေးနိုင်သည့် အခြေအနေရှိမည့်သူဖြစ်ရမည်။
(ခ) ကုန်ပစ္စည်းကိုအရည်အသွေးမှန်၊ စံချိန်စံညွှန်းမှန်၊ အရေအတွက်အပြည့်အ၀ အချိန်မီပေးနိုင်မှုရှိ၊မရှိ။
(ဂ) ကုန်သည်လောကတွင် ဂုဏ်သတင်းကောင်းသူဟုတ်၊မဟုတ် စသည်တို့ ကို ထည့်သွင်းစဉ်းစားပြီး ချုပ်ဆိုပါမည်။ မည်သည့်ငွေပေးချေမှုစနစ်ကို အသုံးပြုသည်ဖြစ်စေ၊ ကုန်သည်လောကအတွင်း လိမ်လည်မှု၊ မသမာမှု၊ မမှန်မကန်ဆောင်ရွက်မှုများဖြစ်ပေါ်ဆဲ ဖြစ်ပေါ်လတ္တံ အခြေအနေရှိနေ၍ သတိပြုသင့်သည်။
အထက်ဖော်ပြပါဖြစ်ရပ်မှန်များကို အခြေံခံ၍ ဆန်းစစ်ပြီး အနှစ်ချုပ်လိုက်ပါက အောက်ပါအချက်များထွက်ပေါ်လာပါမည်။
(က) ဘဏ်များသည် စာချုပ်စာတမ်းနှင့်သာ ဆက်ဆံပြီး ကုန်ပစ္စည်းများနှင့်မသက်ဆိုင်ခြင်း။
(ခ) ဘဏ်များသည်အရောင်းအ၀ယ်ပဋိညာဉ်နှင့် ပက်သက်မှုမရှိသလို ဘဏ်အပေါ်တွင် စည်းနှောင်အား (binding) လည်းမရှိခြင်း၊ ငွေလွှဲစာတမ်း (L/C) သည်ပဋိညာဉ်နှင့် သီးခြားကင်းလွတ်ခြင်း၊
(၃) ဘဏ်များအနေနှင့် စာချုပ်စာတမ်းများ၏ မျက်နှာပြင်ပေါ်တွင် ဖော်ပြချက်အရသာစစ်ဆေးမည်။ ယင်းသို့စစ်ဆေးလျှင် အကြောင်းကျိုးဆီလျော်သော သတိ (reasonable care) ဖြင့်စစ်ဆေးမည်။
(၄) ငွေလွှဲစာတမ်း ဖွင့်လှစ်သည့်ကိစ္စတွင် ချို့ယွင်းချက်များ၊ မကျေနပ်ချက်များ တိုင်တန်း၍ အရေးယူစေလိုလျှင် ဘဏ်တစ်ခုစီတွင် (၅)ရက်သာအချိန်ရခြင်း။
(၅) ဘဏ်များသည် စာချုပ်စာတမ်းများ၏ မှန်ကန်မှု၊ တိကျမှု၊ လိမ်လည်မှု၊ ကုန်ပစ္စည်းတို့၏ အမျိုးအစားအရေအတွက်၊ အခြေအနေ၊ တည်ရှိမှု၊ ထုပ်ပိုးမှု၊ သယ်ယူပို့ဆောင်ခြင်း၊ အာမခံလက်ခံသူတို့နှင့် ပက်သက်ပြီးတာဝန်မယူခြင်း။
(၆) ဘဏ်များသည် သတင်းအချက်အလက်စာချုပ်စာတမ်း ပေးပို့ရာတွင် မှားယွင်းခြင်း၊ ပျောက်ဆုံးခြင်း၊ နောက်ကျခြင်း၊ ပုံသဏ္ဍာန်ပြဲနေခြင်းတို့နှင့် မသက်ဆိုင်သလို နည်းပညာဝေါဟာရ အဓိပ္ပာယ်ဖွင့်ဆိုချက် ကောက်ယူမှုမပြုလုပ်ခြင်း။
(၇) ဘဏ်အနေနှင့် ပို့ကုန်လုပ်ငန်းရှင် တင်ပြလာသော စာချုပ်စာတမ်းသည် အတုဖြစ်ကြောင်းသိလျှင် ငြင်းဆန်ခွင့်ရှိသလို ငွေလည်းထုတ်မပေးဘဲ နေနိုင်သည်။ စစ်မစ်ကိုဂရုစိုက်၍ လိုအပ်သောစုံစမ်းမှုပြုလုပ်ရန် လိုအပ်သည်။
(၈) အရောင်းအ၀ယ်စာချုပ်တွင်ပါဝင်သည့် စည်းကမ်းချက်များကို တိကျစွာဖော်ပြလိုက်နာစေခြင်း။
(၉) ကုန်ပစ္စည်းဈေးနှုန်းသည် ကမ္မာ့ပေါက်ဈေးထက်လွန်စွာလျော့နည်းခြင်းရှိ၊မရှိ သိရှိရန်လိုအပ်ခြင်း
(၁၀) ဟိတ်ဟန်ကောင်းပြီး အပြောကောင်း၊အယုံသွင်း သည့်ပုဂ္ဂိုလ်တို့ကို ဂရုတစိုက်၍ဆက်ဆံခြင်း။
(၁၁) PARIS အခြေစိုက် International Chamber of Commerce (ICC) မှထုတ်ပြန်သော UCPDC 600 နှင့် Uniform Rules For Collection Publication No.522 (၁၉၉၆) ကိုသိရှိနားလည်ခြင်း၊
(၁၂) အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတွင် အသုံးပြုသည့် ဝေါဟာရ International Commercial Terms (INCOTERMS) အသုံးအနှုန်းတို့ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အပြည့်အ၀နားလည်ပြီး လိုအပ်ခြင်းစသည် အချက်များကို ကုန်သည်လောကသားများ ဘဏ်လောကသားများ သိရှိနားလည်၍ သတိနှင့်ယှဉ်၍ ဆောင်ရွက်ခြင်းဖြင့် ငွေကြေးဆုံးရှုံးမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း စေတနာရှေ့ထား၍တင်ပြလိုက်ရပါကြောင်း။ ZTK
မောင်လှသောင်း(ဘဏ်)