“လက်ခုပ်ထဲက ရေဖြစ်သောကြောင့် သွန်လိုသွန်၊ သောက်လိုသောက်၊ မှောက်လိုမှောက်ထားနိုင်သော်လည်း၊ ပညာရေးသည် ရေမဟုတ်သောကြောင့် လက်ခုပ်ထဲတွင် ချယ်လှယ်လို့မရသော သဘောလည်းရှိသည်။ ”
တစ်နည်းအားဖြင့် ပညာရေးကို အစိုးရလက်ထဲတွင် ထားမှာလား၊ ပုဂ္ဂလိကတို့လက်ထဲတွင် ထားမှာလားဟူသော မေးခွန်းများ မေးခံရလေ့ရှိသည်။ အကောင်းဆုံးက ပညာရေးကို မည်သူ့လက်ထဲတွင်မှ မထားသည်ကား အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း ပညာရေးကို အစိုးရမှ တာဝန်ယူရမည်ဖြစ်သော်လည်း အစိုးရနှင့် မပြီးသောပညာရေးလည်းဖြစ်သည်။ အစိုးရရော၊ ပုဂ္ဂလိကပါ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကောင်းသည့်အချက်များလည်းရှိသလို၊ အားနည်းသည့်အချက်များလည်းတွေ့ရမည်။ သို့သော်လည်း အကျိုးအကြောင်း၊ အဆိုးအကောင်းများ နှိုင်းနှိုင်းချိန်ချိန်လုပ်ပြီး ပူးပေါင်းအကောင်အထည်ဖော်ရသည်ချည်းဖြစ်သည်။ အစိုးရချည်းသာတာဝန်ယူဆောင်ရွက်ရမည်။ ပုဂ္ဂလိကတို့သာ လုပ်ကိုင်သည့်သည်ဟူသော လှေနံဓားထစ်၊ တရားသေသဘော လုပ်ဆောင်လို့မရသော ကဏ္ဍတွင် ပညာရေးကဏ္ဍပါဝင်သည်။
ပညာရေးသည် ဈေးကွက်တစ်မျိုးဖြစ်သည်။ ဈေးကွက်ဟုပြောလိုက်သောကြောင့် စီးပွားဖြစ်ရန်၊ အမြတ်အစွန်းရရန်ဟူသော အတွေးမျိုး မဝင်စေချင်ပါ။ ဈေးကွက်ဟုဆိုရခြင်းမှာ ပညာရေးတွင်လည်း ပညာသင်ကြားပေးနိုင်မည့်သူများနှင့် ပညာကိုလိုလားစွာ ရယူသင်ယူလိုသူများ ရှိသောကြောင့်ဈေးကွက်ဟုခေါ်ရခြင်းဖြစ်သည်။ ပညာရေးတွင် ဆရာ ဆရာမများအခန်းကဏ္ဍ၊ ကျောင်းသုံးစာအုပ်များ ဖြန့်ဖြူးပေးခြင်း၊ ကျောင်းတက်လိုသူများအတွက် နေရာထိုင်ခင်းအဆင်ပြေအောင်လုပ်ပေးနိုင်ခြင်း၊ ပညာသင်ကြားရေးစရိတ် သက်သာစေခြင်း၊ လိုချင်သောပညာရပ်များ သင်ကြားပေးခြင်း၊ လိုအပ်သော ပညာရပ်များဖြန့်ဖြူးပေးနိုင်ခြင်း စသည်တို့သည် ပညာရေး၏ရောင်းလိုအားသာဖြစ်သည်။ Supply side of Education Market သဘောဖြစ်သည်။ ပညာကိုမည်သူတွေက လိုလိုချင်ချင် သင်ကြားလိုသည်။ အခြေခံပညာတွင် သင်ကြားလိုသူအရေအတွက်၊ အဆင်မြင့်ပညာတွင် သင်ကြားလိုသူအရေအတွက်၊ သက်မွေးဝမ်းကျောင်းတွင် သင်ကြားလိုသူအရေအတွက် စသည့်အချက်များသည်လည်း ပညာရေး၏ဝယ်လိုအား ရှုထောင့်များ Demand side of Education Market အဖြစ်မြင်တွေ့နိုင်သောကြောင့်ဖြစ်သည်။
များသောအားဖြင့် ပညာရေးအတွက် ရောင်းလိုအားဖြည့်တင်းမှုများသည် အစိုးရနှင့် ပုဂ္ဂလိကတို့က မည်မျှအထိပံ့ပိုး ပေးနိုင်သနည်းဟူသော အချက်များပေါ်တွင်မူတည်သည်။ ပညာရေးဝယ်လိုအား အနေဖြင့်တော့ ပုဂ္ဂလိက အပိုင်းသည် အဓိကကျမည်ဖြစ်သည်။ သို့သော်လည်း သက်ကြီးပိုင်းပညာရေးတွင် လုပ်ငန်းခွင် လိုအပ်ချက်အရ တက်ရောက်ရမည့် ပညာရေးဝန်ဆောင်မှု ဝယ်လိုအားအပိုင်းတွင်၊ ပြည်သူကဏ္ဍရော၊ ပုဂ္ဂလိကကဏ္ဍပါ အရေးပါလာမည်ဖြစ်သည်။ အခြေခံပညာရေးအပိုင်းတွင်မူ ပုဂ္ဂလိကဘက်မှ စဉ်းစားပေးရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀ရာစုနှောင်းပိုင်းနှင့် ၂၁ရာစုအစောပိုင်းတွင် ပညာရေးတွင် အစိုးရ နှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည့် အပိုင်းများအရေးပါလာခြင်းဖြစ်သည်။
အထူးသဖြင့် Supply side of Education Market တွင် အချို့လုပ်ဆောင်မှု အပိုင်းများတွင် အစိုးရထက်ပုဂ္ဂလိက လုပ်ဆောင်မှုက ပိုပီပြင်မှုရှိသည်။ ဆရာ၊ ဆရာမများ ခန့်ထားရေး၊ ဒေသပညာရေး ဖွံ့ဖြိုးမှုများတွင် အစိုးရထက် ပုဂ္ဂလိကသည် သာလွန်သည်။ အစိုးရအနေဖြင့် ဆရာ၊ ဆရာမျများအား transfer ပင်ဖြစ်စေ၊ Promotion transfer ပင်ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဒေသကွာဟချက်မတူပါက အရွှေ့ခံရသူဆရာ၊ ဆရာမများအတွက်
ငြိုငြင်စရာ ဖြစ်ဘာတော့သည်။ ထိုငြို ငြင်မှုသည် ပညာရေးဈေးကွက် တိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်။ ဖွံ့ဖြိုးဆဲဒေသမှ ဖွံ့ဖြိုးပြီးဒေသပြောင်းသည့်တိုင်အောင်ပင် ကိုယ့်နေရင်းဒေသမဟုတ်ပါက ပြောင်းရွှေ့မှုများကြောင့် ဆေးအတွက်လေးတက်သည်။ ထိုသို့သော အခြေအနေတွင် ဗဟိုအစိုးရမှ ဒေသများသို့ အမိန့်ဖြင့်ပြောင်းရွှေ့ခြင်းထက်၊ ဒေသမှ မက်လောက်သော အခြေအနေဖန်တီးပြီး စိတ်ကြိုက် ဆရာ၊ ဆရာမများ ခေါ်ယူခန့်ထားခြင်းက ဒေသအတွက်ပညာရေးကို တိုးတက်ဖွံ့ဖြိုးစေနိုင်သလို ထိရောက်သောလုပ်ဆောင်ချက်များ အနေဖြင့်လည်း တွေ့ရှိနိုင်ပါသည်။ တစ်နည်းအားဖြင့် ပညာရေးတွင် Push Factors တွန်းအားများကို သုံးခြင်းထက် ဆွဲအားဖြစ်သော Pull factors များကို ပိုမိုသုံးသင့်သည်။ ထိုသို့သော အခြေအနေတွင် ပုဂ္ဂလိကသည် အစိုးရထက် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်သည်။
ပညာရေးကတိကဝတ်များ စသည့်အချက်များကို လေ့လာရာတွင်လည်း အစိုးရနှင့် ကတိကဝတ်လုပ်ကိုင်ခြင်းထက် ပုဂ္ဂလိကတို့နှင့် လုပ်ကိုင်ခြင်းက ပိုမိုထိရောက်သည်။ ဥပမာအားဖြင့် ကထိကအဆင့်နှင့်အထက်၊ ဆရာ၊ ဆရာမ တစ်ဦးလျှင် Working Papers မည်မျှအထိတင်သွင်းရမည်။ မတင်သွင်းနိုင်ပါက ဆက်လက်ခန့်ထားသော စာချုပ်ပျက်ပြယ်နိုင်သည်ဟူသော ကိစ္စမျိုးပင်၊ ဗဟိုမှချုပ်ကိုင်ခြင်းထက်၊ ကျောင်းအဓိပတိပင်ဖြစ်စေ၊ ကျောင်းအကြီးအကဲနှင့် ချုပ်ဆိုလုပ်ကိုင်ခြင်းက ကျောင်းအတွက်ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အထက်မှ ညွှန်ကြားလွှာစောင့်နေရခြင်း၊ အောက်မှအစီရင်ခံစာကို ရေးတင်နေရခြင်းများနှင့် ပညာရေးလောကသည် အချိန်ကုန်၊ ငွေကုန်ဖြစ်နေတတ်သည်။
နောက်တစ်ချက်ကတော့ Job Descriptions နှင့် Job Qualifications များ သတ်မှတ်ခြင်းဖြစ်သည်။
ဒေသတစ်ခုအတွက် လိုအပ်ချက်သည် ဒေသတွင်းတွင်နေထိုင်သူများသာ အသိဆုံးဖြစ်သည်။ များသောအားဖြင့် ဝေးလံခေါင်သီသော ဒေသအတွက်ဆိုရင် ဗဟိုအစိုးရမှ ပံ့ပိုးကူညီသမျှအားလုံးသည် ထိုဒေသအတွက်တော့ ရာနှုန်းပြည့် အကျိုးရှိနိုင်မည်ဖြစ်သော်လည်း ဖွံ့ဖြိုးပြီးဒေသကြီးများအတွက် ပညာရေးလိုအပ်ချက်များသည် ဒေသသာအသိဆုံးဖြစ်နေပါလိမ့်မည်။ လိုအပ်သော ပညာရပ်ဆိုင်ရာများကို သင်ကြားရေးအတွက် လိုအပ်သော ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများကို ခေါ်ယူရာတွင် ဗဟိုအနေဖြင့်ခေါ်ယူခန့်ထားမည်ဆိုပါက တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် စဉ်းစားမည်ဖြစ်ပြီး ဒေသအတိုင်းအတာအရ စဉ်းစားမည်မဟုတ်ပါ။ နောက်တစ်ချက် စဉ်းစားရန်အချက်မှာ Risk Sharing ခေါ် စွန့်စားမှုများသာဖြစ်သည်။ အလုပ်တစ်ခုလုပ်ရာတွင် ကောင်းကျိုးများရှိသလို၊ ဆိုးကျိုးများလည်းရှိနိုင်သည်။ ကောင်းကျိုးဖြစ်လာလျှင် မထောင်းတာသော်လည်း ဆိုးကျိုးများဖြစ်လာပါက တစ်ဦးပေါ်တစ်ဦး လွှဲချလို့မရသော သဘောရှိသည်။ တာဝန်ယူထားကြသူများတွင် အားလုံးတာဝန်ရှိကြမည်သာဖြစ်သည်။ ထို့ကြောင့် ပညာရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင် ပညာရေးသည် Merit Goods ထဲတွင်ပါဝင်သောကြောင့် အမှားနည်းရန် အထူးလိုအပ်ပါသည်။ ထိုအမှားနည်းရန်အတွက်လည်း အားလုံးတွင်တာဝန်ရှိသည်ဟူသော Risk sharing သဘောမျိုး ထားနိုင်မည်ဆိုပါက ပိုကောင်းသောကြောင့်လည်း အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဆိုကြခြင်းဖြစ်သည်။
ထိုသို့ပူးပေါင်းဆောင်ရွက်သောကြောင့်လည်း အရာရာကောင်းစေသတည်းဟူသော အဖြစ်မျိုးကိုလည်း မဆိုလိုပါ။ အရာရာတိုင်းတွင် ကောင်းကျိုးများရှိသလို၊ ဆိုးကျိုးများလည်းရှိမည်ဖြစ်သည်။ အားသာချက်၊ အားနည်းချက်တွေလည်း ရှိနိုင်သည်။ ထိုအားသာချက်နှင့် အားနည်းချက်များ အပေည်မူတည်ပြီး မည်သည့်အဆင့်အနေအထား Optimal Condition တွင်လုပ်ကိုင်ဆောင်ရွက်ရမည်ကို ဆုံးဖြတ်နိုင်ခြင်းသည် decision makers တို့၏ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအပေါ် များစွာမူတည်နေမည်ဖြစ်ပါသည်။ #ZTK
ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)
Myanmar Banking & Finance Magazine