ဒီကနေ့ ကမ္ဘာကြီးက လုံးရာကနေ ပြားလာနေတယ်။ ၂၀ရာစု အကုန် ၂၁ရာစုမှာ ကမ္ဘာကြီးကို ရုတ်တရက် ချက်ချင်းဆိုသလို သိသာတဲ့ပြောင်းလဲမှု ဖြစ်လာစေတဲ့ အားသုံးခုပေါ်ပေါက်လာစေတယ်။ အဲဒီအား (၃) ခုက
၁။ လူဦးရေ ဖောင်းပွလာမှု
၂။ နည်းပညာ တိုးတက်လာမှု
၃။ အလွယ်တကူ ဆက်သွယ်ချဉ်းကပ်နိုင်စေမှု ဖြစ်ပါတယ်။
တစ်ဖက်မှာ လူဦးရေ ပေါက်ကွဲဖောင်းပွလာသလို အခြားတစ်ဖက်မှာ လူသားအချင်းချင်း မေတ္တာစိတ်တွေပျောက်ပြီး နိုင်ငံသားအချင်းချင်းနဲ့ နိုင်ငံတွေကို ကျူးကျော်တိုက်ခိုက် သတ်ဖြတ်မှုတွေလည်း များလာနေတယ်။ တစ်ခါလူသားအချင်းချင်း နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်လှည့်ပတ်မှုတွေလည်း ပေါ်ပေါက်လာနေတယ်။ အဓိက ကတော့ လူတွေမှာ စိတ်ဓာတ်တွေ ယိုယွင်းပျက်ပြားလာကြလို့ဖြစ်တယ်။ ငါသာလျှင် အရာရာကို ပိုင်စိုးနိုင်ရမယ်ဆိုတဲ့ အတ္တစိတ် လွှမ်းမိုးမှုတွေ လွန်ကဲလာလို့ ဖြစ်တယ်။
နိုင်ငံတကာမှာ Fraud 419 လို့ခေါ်တဲ့ ကြိုတင်ငွေတောင်းခံ၍ လိမ်လည်နည်းဆိုတာရှိပါတယ်။ အင်တာနက်က Google မှာ Fraud 419 လို့ရိုက်ပြီးရှာဖွေနိုင်ပါတယ်။ အဲဒီလိမ်နည်းက Ponzi Scheme လို့ လိမ်နည်းကနေစတင်ခဲ့ပြီး နောက်ပိုင်းမှာ ပိရမစ် အစီအစဉ် Pyramid Scheme လို့လည်းခေါ်ကြတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲအဖြစ် MLM လို့အတိုကောက် ခေါ်ကြတဲ့ Multi Level Marketing ဆိုတာလည်း ဒီအထဲမှာပါတယ်။
MLM က ထုတ်ကုန်ပစ္စည်းကို ဆိုင်းဘုတ်လည်းမတင်၊ ကြေလည်းမကြေညာဘဲ ကြားခံလူတွေကို အဖွဲ့ဝင်ကြေးတစ်ခုနဲ့ အဖွဲ့ဝင်စေပြ်ီးရင် လစဉ် Point Value (PV) လို့ခေါ်တဲ့ အဲဒီလုပ်ငန်းကနေ သတ်မှတ်ထားတဲ့ ပစ္စည်းကို ပမာဏတန်ဖိုးတစ်ခုအထိ ဝယ်ယူရတယ်။ အဲ့ဒီလိုဝယ်ယူရာမှာ ဝယ်ယူသူကို အကျိုးခံစားခွင့် ၂၅ % ပေးတယ်။ PV ထက်ပိုဝယ်ရင်လည်း ကော်မရှင်ပေးတယ်။ အပေါ်ဆုံးအဆင့်မှာ ရှိသူတွေက အကျိုးခံစားခွင့် ၂၅% ရပေမဲ့ အောက်ဘက်ကို အဆင့်ဆင့်လူပွားလိုက်ရင် အောက်ကလူတွေက အကျိုးခံစားခွင့် တစ်ဆင့်ပြီးတစ်ဆင့် လျော့လျော့သွားတယ်။ သို့ပေမဲ့ မိမိအောက်လူတွေရဲ့ ရောင်းအားတွေကနေ အနည်းငယ်သော ကော်မရှင်တွေက များများလာပြီး အထက်ဆုံးကလူကို တစ်လ၊တစ်လ အကျိုးခံစားခွင့် မြင့်မားလာစေတဲ့အတွက် ထပ်ဆုံးကလူတွေက အောက်ကလူတွေထက်ပိုပြီး အကျိုးရှိစေတယ်။ နောက်ဆုံးဝယ်ယူတဲ့ End Purchaser. အတွက် ဈေးများများ ပေးဝယ်ယူကြရတာဖြစ်တယ်။ အသိပညာနည်းပါးသူတွေက MLM နဲ့အလုပ်လုပ်လို့ရတဲ့ ငွေတွေကို သမာအာဇီဝလို့ မှတ်ထင်နေကြတယ်။ အမှန်အားဖြင့် လူပေါ်လူဇော်လုပ်ပြီး အမြတ်ထုတ်နေတဲ့ သဘောဖြစ်တယ်။
မြန်မာကျုံယွမ်၊ ဧရာမြေ၊ သဘာဝ ဆိုတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ ပေါ်ပေါက်လာရာမှာလည်း လူတွေက မက်လုံးပေးထားတဲ့အရာကို လောဘမျက်စိနဲ့သာ လုပ်ဆောင်ခဲ့ကြတာကြောင့် ငွေကြေးဆုံးရှုံးမှုတွေ များခဲ့ကြတယ်။ အခုဒီမိုကရေစီခေတ် ရောက်လာပြန်တော့လည်း အသိနည်းသူတွေရဲ့ အားနည်းချက်ကို နှိုက်ပြီး တစ်လကို သုံးသောင်းသွင်းရုံနဲ့ ၁၀၈ သိန်းတန်အိမ်ကို ပိုင်ဆိုင်စေရမဲ့ဆိုပြီး မက်လုံးပေးလိမ်လည်ဖို့ ကြိုးပမ်းနေတယ်။ အများပိုင်ကုမ္ပဏီတွေ ဖွင့်ခွင့်ပေးရာမှာလည်း စတော့ဈေးကွက် မပေါ်လာသေးဘဲနဲ့ စတော့ဈေးကွက်ပုံစံဖမ်းပြီး Over the Counter Market (OTC) ဈေးကွက်လို့ ပြောဆိုသုံးနှုန်းနေတာတွေကလည်း လှည့်ကွက်တွေဖြစ်တာမို့ သတိထားဖို့လိုအပ်တယ်။ အများပိုင် ကုမ္ပဏီတစ်ခုဆိုရင် ၂၀၁၄ ကနေ ၂၀၁၇ အထိ အမြတ်ဝေစု ၆၀ % ခွဲပေးမယ်။ ၂၀၁၇ ကျော်ရင် အမြတ်ဝေစု ၅၀% ခွဲပေးမယ်ဆိုတဲ့ မက်လုံးနဲ့ အစုရှယ်ယာတွေ ထည့်ဝင်အောင်ဆွယ်ခဲ့ကြတယ်။ ဘယ်လိုဖြစ်ဖြစ် ငွေကြေးရင်းနှီးမြှုပ်နှံမယ်ဆိုရင် မျက်ကန်းရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဘဲ မှန်ကန်တဲ့အရှိ၊ မှန်ကန်တဲ့အသိနဲ့ မှန်ကန်တဲ့အလုပ်တွေ လုပ်ဆောင်ကြဖို့ဖြစ်တယ်။
ရောင်းမှားဝယ်မှား မဖြစ်စေဖို့တော့ ဈေးကွက်သဘောတရားတွေကို သေသေချာချာ၊ ဃဃနန သိအောင်လုပ်ထားဖို့ လိုအပ်မှာ ဖြစ်တယ်။ နိုင်ငံတော်အနေနဲ့လည်း မိမိနိုင်ငံသားတွေကို ရင်းနှီးမြှုပ်နှံမှုနဲ့ပက်သက်တဲ့ အသိပညာပေး ဟောပြောပွဲတွေ ကျယ်ကျယ်ပြန့် ပြန့်  လုပ်ပေးဖို့လိုအပ်တယ်။ ငါးစာကိုသာမြင်ပြီး၊ မဟပ်မိကြစေဘဲ ငါးစာအတွင်းမှာ မြှုပ်ထားတဲ့ ငါးမြှားချိတ်ကိုမြင်အောင်ကြည့်ဖို့ လိုအပ်တယ်လို့ အဆိုပြုရင်း….။ #ZTK
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)