စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအား စဉ်ဆက်မပြတ် သုံးသတ်အကဲဖြတ်ရာတွင် ပို၍အရေးကြီးသည်မှာ အကဲဖြတ်မှုထက်၊ အကဲဖြတ်မှုရလာဒ်အပေါ်တွင် မည်သို့ဆက်လက်ဆောင်ရွက်မည် ဆိုသည့်အချက်က ပိုမိုအရေးကြီးပေသည်။
၁။ ပိုမိုရင်းနှီးမြှုပ်နှံခြင်းထက် စွမ်းအားမြှင့်တင်မှု ရှိ၊မရှိ သုံးသပ်ခြင်း။ လှေမျှောလျှင်လှေနဲ့လိုက်၊ ငွေမျှောလျှင် င်ေနဲ့လိုက်ဆိုသည့် မြန်မာစကားပုံအတိုင်း အချို့မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်း ကျဆင်းလာလျှင် ရင်းနှီးငွေများ ထပ်မံရှာဖွေစုဆောင်း ထည့်ဝင်ပြီး ငွေကိုပုံအော၍ ဆောင်ရွက်လေ့ရှိတတ်ကြသည်။ အချို့သောစီးပွားရေးလုပ်ငန်းရှင်များတွင် ဆုံးရှုံးမှုမှာ ရင်းနှီးငွေနည်းပါးမှုကြောင့် မဟုတ်ဘဲ လုပ်ကိုင်သူများ၏ စွမ်းရည်မပြည့်ဝမှုကြောင့် ဖြစ်တတ်သည်ကို သတိပြုရပေမည်။ ယနေ့နိုင်ငံတကာ စီးပွားရေးလောကတွင် နာမည်ကြီးနေသော “IBM” ((International Business Machine Company) နှင့် “GMC” (General Motor Corporation) တို့တွင် ဝန်ထမ်းများ “ဖြုတ်ပစ်” (Lay-Off) နေခြင်းမှာ မိမိ၏ ကုမ္ပဏီလုပ်ငန်း မအောင်မြင်မှုတွင် လုပ်ကိုင်နေသော အလုပ်သမားများ စွမ်းရည်မပြည့်ဝမှုသည် အကြောင်းအချက်တစ်ရပ် ဖြစ်သည်ဟူသော ယူဆချက်ဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့်” ငွေ ” ကြောင့်မဟုတ်ဘဲ “လူ” ကြောင့်ပင်ဖြစ်သည်ကို သိရှိထားရမည်။ သို့ဖြစ်ရာ မိမိ၏ စီးပွားရေးလုပ်ငန်းများ တစ်ဖန်ပြန်လည် နလန်ထူလာနိုင်စေရေးအတွက် ဝန်ထမ်းများ စွမ်းရည်ပြည့်ဝလာစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများကို ဘက်စုံထောင့်စုံမှ ပြုလုပ်ဖို့ လိုအပ်ပေသည်။ ၂။ အရောင်းပမာဏ မြင့်လျက်နှင့် တိုးတက်လာခြင်း ရှိ၊မရှိ။ “Bottom Line” ဆိုသည့်စကားမှာ အရေးကြီးသောအချက် ဟုအဓိပ္ပါယ်ရပေသည်။ ယင်းဝေါဟာရမှာ လက်ကျန်ရှင်းတမ်းမှ ဆင်းသက်လာသော စကားပင် ဖြစ်လေသည်။ ဆိုလိုသည်မှာ ဘဏ္ဍာရေးလက်ကျန်ရှင်းတမ်းကို ကြည့်ရှုသူတိုင်းသည် “Bottom Line” ရှိ ” စုစုပေါင်းရရန်ပိုင်ခွင့်” ကိုပထမဦးစွာ ကြည့်ရှုတတ်ပေသည်။ သို့ဖြစ်၍ ယင်းကို “အရေးကြီးသောအချက်” ဟု အမေရိကန်တို့က သုံးနှုန်းနေကြပေသည်။ မည်သည့်စီးပွားးရေးလုပ်ငန်းရှင်တိုင်းမဆို မိမိမည်မျှချမ်းသာသည်၊ မိမိမည်မျှပိုင်ဆိုင်ထားသည်ကို သိချင်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့ဖြစ်၍ မိမိစီးပွားရေးလုပ်ငန်း၏ “လက်ကျန်ရှင်းတမ်း” (Balance Sheet) တွင် စုစုပေါင်းရပိုင်ခွင့် (Total Assets) ကိုပထမဦးစွာ ကြည့်ရှုတတ်ပေသည်။ စီးပွားရေးလုပ်ငန်းတွင် ဖြစ်လေ့ဖြစ်ထရှိသည်မှာ ရောင်းအားမြင့်နေပါလျက်နှင့် ပိုင်ဆိုင်မှုတွင် တိုးတက်လာခြင်း မရှိသည့်အခြေအနေမျိုး ကြုံရတတ်ပေသည်။ ယင်းသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ တစ်နေရာတွင် ရောင်းရသည့်ငွေများ (Sales) ယိုဖိတ်မှု၊ အလွဲသုံးစားမှု ရှိနေသောကြောင့် ရရန်ပိုင်ခွင့် တိုးတက်သင့်သလောက် မတိုးတက်ခြင်းဖြစ်သည်။ ၃။ ရရန်ကြွေးမီများ အချိနိမီရရှိနိုင်မှု ရှိ၊ မရှိလေ့လာသုံးသပ်ခြင်း ရရန်ကြွေးမီကို အချိန်မီ မရရှိလျှင် လှည့်လည်ရင်းနှီးငွေ လျော့နည်းနေပေမည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုသည်မှာ “ပေးရန်ရှိသည်များကိုပေး၊ ရရန်ရှိသည်များကို ရရှိအောင် လုပ်တတ်သောသူ” ဟုအဓိပ္ပါယ်ဖွင့်ဆိုထားချက်ရှိသည်။ သို့ဖြစ်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင်သည် မိမိရရန်ရှိသည်များကို မိမိ၏ “မြီးစားများ” (Debtors) ထံမှ စာရင်းဇယားအထောက်အထားများနှင့်တကွ အပြည့်အဝ ရရှိအောင် တောင်းခံနိုင်မှသာလျှင်ကြွေးဆုံးခြင်း (Bad Debts) မှ လွတ်မြောက်နိုင်မည်ဖြစ်ပြီး ငွေပင်ငွေရင်း လျော့နည်းခြင်းမှ ကင်းလွတ်နိုင်မည်ဖြစ်သည် ကိုသတိပြုရပေမည်။ ၄။ ကုန်ပစ္စည်းများအား စီမံခန့် ခွဲခြင်း ရှိ၊မရှိလေ့လာသုံးသပ်ခြင်း ကုန်ပစ္စည်းတစ်ခုသည် မည်မျှတန်ဖိုးကြီးစေကာမူ သတ်မှတ်ကန့်သတ်ထားသည့် အချိန်အတိုင်းအတာအတွင်း မရောင်းရလျှင် ယင်းကုန်ပစ္စည်းသည် သုည (Zero) တန်ဖိုးသို့ရောက်သွားတတ်သည်ကို သတိပြုရပေမည်။ ဥပမာ- ခရစ်စမတ်ပွဲတော်နှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းများကို ပွဲတော်ရက်မတိုင်မီ ရောင်းချနိုင်မှသာလျှင် ထိုက်သင့်သည့် တန်ဖိုးရရှိနိုင်ပေမည်။ ယင်းကာလကျော်လွန်သွားပါက ရက်လွန်ကုန်ကျန်ဘဝသို့ ရောက်ရှိသွားတတ်ပေသည်။ “ကုန်ပစ္စည်း”သည်”ငွေ” ဖြစ်သည်။ ကုန်ပစ္စည်းများမရောင်းရလျှင် “ငွေ”မရတာနှင့်တူသည်။ မိမိကုန်ပစ္စည်းအတွက် ရသင့်ရထိုက်သည့် အမြတ်ငွေရရှိအောင် အရင်ဝင်၊ အရင်ထွက်စနစ်(FIFO) (First In First Out) သို့မဟုတ် နောက်ဝင် အရင်ထွက်စနစ် (Last In First Out) တို့ကို ကိန်းဂဏန်းဖြင့် ချတွက်လျက် အချိန်အခါမီ ဆောင်ရွက်တတ်မှသာလျှင် စီးပွားရေးလုပ်ငန်းရှင် အနေဖြင့် ကုန်ပစ္စည်းဆိုင်ရာ စီမံခန့် ခွဲမှုကို စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်ပေသည်။ ၅။ ဘဏ္ဍာရေးရှင်းတမ်း ကွာဟချက်များနှင့် ရေးဆွဲမှု ညံ့ဖျင်းခြင်းရှိမရှိ သုံးသပ်ခြင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်အနေဖြင့် မိမိလုပ်ငန်းအတွက် ဘဏ္ဍာရေးစာရင်းဇယားများ ရေးဆွဲသည့်အခါတိုင်း ရသုံးခန့်မှန်းချေ စာရင်း (Budget) ကို ရေးဆွဲထားတတ်ရပေမည်။ လစဉ်ဘဏ္ဍာရေးရှင်းတမ်းများကို ပြန်လည်စီစစ်ရာတွင် ခန့်မှန်းခြေစာရင်းနှင့် အမှန်တကယ် (Budget and Actual) ကိုက်ညီမှုရှိ၊မရှိ နှင့် ကွာဟမှုရှိလျှင်လည်း ရာခိုင်နှုန်း မည်မျှကွာဟသည်ကို တွက်ချက်ထားတတ်ရပေမည်။ လက်ခံနိုင်သည့် “ကွာဟချက်ရာခိုင်နှုန်း” (Acceptable Percentage of Variance) ကိုလုပ်ငန်းအလိုက် သတ်မှတ်ပေးထားရန်လိုအပ်ပြီး အကယ်၍ သတ်မှတ်ချက်ထက် ပိုလာလျှင် ဆောင်ရွက်မည့် အစီအမံများကိုလည်း ချမှတ်ထားရန် လိုအပ်ပေသည်။ သို့မှသာ စီးပွားရေးလုပ်ငန်းရှင် အနေဖြင့် ခန့်မှန်းထားသည်ထက် ပိုမိုသုံးစွဲထားသော ကုန်ကျစရိတ်များကို ပြင်ဆင်ခြင်း ၊ အရေးယူဆောင်ရွတ်ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်ပြီး နောင်ဘဏ္ဍာရေးကာလများတွင် အလားတူ ဖြစ်ရပ်မျိုးမဖြစ်အောင် ထိန်းသိမ်းခြင်းဖြင့် မိမိစီးပွားရေးလုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေကို စနစ်တကျ စီမံနိုင်ပေမည်။ #ZTK